ကျောက်ဖြူတွင် ထွေ/အုပ်ဝန်ထမ်းတစ်ဦး အသတ်ခံရ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းဖြစ်သည့် ကျေးရွာအုပ်စုစာရေး တစ်ဦး အသတ်ခံရကြောင်း ၎င်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

By အောင်ကောင်းဇော် 18 Jun 2020



အောင်ကောင်းဇော် | DMG
ဇွန် ၁၈ ၊ ကျောက်ဖြူ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းဖြစ်သည့် ကျေးရွာအုပ်စုစာရေး တစ်ဦး အသတ်ခံရကြောင်း ၎င်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

အသတ်ခံရသူမှာ ကျောက်ဖြူမြို့နယ် စိုင်းခြုံကျေးရွာ၏ ရပ်/ကျေးစာရေး ဦးစိုးမင်းထွန်းဆိုသူဖြစ်သည်။

ဦးခေါင်းကွဲဒဏ်ရာနှစ်ချက်၊ ဝမ်းဗိုက်တွင်ညိုမဲဒဏ်ရာနှင့် လက်တွင်ပွန်းပဲ့ဒဏ်ရာများဖြင့်သေဆုံးနေသည့် ဦးစိုးမင်းထွန်း၏အလောင်းကို ဇွန်လ ၁၇ ရက်နေ့က ကျောက်ဖြူမြို့နယ် တောင်ရင်းရပ်ကွက်ရှိ လေယာဉ်ကွင်း အနီး ရေမြောင်းတွင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့နယ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်ဇောက DMG သို့ ပြောသည်။

“သူ့ကို ဇွန်လ ၁၆ ရက်နေ့ ည ၁၂ နာရီလောက်မှာ အိမ်မှာမိသားစုနဲ့အတူအိပ်နေတုန်း မျက်နှာဖုံးစွပ်ထားတဲ့ လူတစ်စုက အတင်းအဓ္ဓမ လာခေါ်သွားကြတယ်လို့ မိသားစုဆီကသိရတယ်”ဟု ၎င်းကဆိုသည်။

ယခုဖြစ်စဉ်ဖြစ်ပွားပြီးနောက် ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က အခြားဝန်ထမ်းများကိုလည်း သတိဝိရိယဖြင့်နေကြရန် အသိပေးထားသည်ဟုပြောသည်။

“ဘယ်သူတွေ လုပ်တယ်ဆိုတာကိုတော့ ကျနော်တို့မသိသေးဘူး။ ရဲစခန်းကစုံစမ်းနေတယ်”ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။

လက်ရှိမှာ ရပ်/ကျေးစာရေး ဦးစိုးမင်းထွန်းအသတ်ခံရမှုနှင့်ပတ်သက်ပြီး ဇနီးဖြစ်သူဒေါ်မငွေသန်းမှ ကျောက်ဖြူ မြို့နယ်ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၄ ဖြင့် အမှုဖွင့်ထားကြောင်း ရဲစခန်းမှသိရသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်နိုင်ရန်အတွက် စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ကျောက်ဖြူမြို့နယ်ရဲစခန်းမှူးက ပြောသည်။

တပ်မတော်က ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာအုပ်စုမှ စာရေးဖြစ်သူအား AA မှ ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဇွန်လ ၁၇ ရက်က ထုတ်ပြန်ခဲ့သည်။

ယင်းသို့ တပ်မတော်၏စွပ်စွဲချက်အပေါ် ရက္ခိုင့်တပ်တော်(AA)မှ ယနေ့ညနေပိုင်းအထိ တစ်စုံတစ်ရာတုန့်ပြန် ထားခြင်းမရှိသေးပေ။

ဗီဒီယိုများ