ကျောက်ဖြူမြို့နယ်တွင် အမျိုးသားတစ်ဦးကို အမည်မသိလူတစ်စုမှ ဝိုင်းဝန်းရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွား

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ လိပ်ခမော်ကျေးရွာနှင့် မလကျွန်းကျေးရွာကြားတွင် နိုဝင်ဘာလ(၄)ရက်နေ့က ဦးမျိုးလွင်ဆိုသူအား အမည်မသိလူတစ်စုမှ ဝိုင်းဝန်းရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျောက်ဖြူ မြို့မရဲစခန်းမှ သိရသည်။

05 Nov 2019

ခိုင်မင်း(ကျောက်ဖြူ) | DMG

နိုဝင်ဘာ ၅ ၊ ကျောက်ဖြူ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ လိပ်ခမော်ကျေးရွာနှင့် မလကျွန်းကျေးရွာကြားတွင် နိုဝင်ဘာလ(၄)ရက်နေ့က ဦးမျိုးလွင်ဆိုသူအား အမည်မသိလူတစ်စုမှ ဝိုင်းဝန်းရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျောက်ဖြူ မြို့မရဲစခန်းမှ သိရသည်။

ထိုသို့ ဖမ်းဆီးခံရသူ ဦးမျိုးလွင်မှာ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ကျူရွာဇာတိဖြစ်ပြီး ကျောက်ဖြူမြို့ တောင်ရင်းရပ်ကွက်တွင် ဒေါ်ခင်ဝင်းနှင့် အိမ်ထောင်ကျနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

ဦးမျိုးလွင်သည် ကျောက်ဖြူမြို့နယ်အတွင်းက ကျေးရွာများတွင် အဝတ်အထည်များကို လပေးစနစ်ဖြင့် သွားရောက်ရောင်းချနေသူတစ်ဦးဖြစ်ပြီး နိုဝင်ဘာလ(၄)ရက်နေ့က ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာသို့ သွားရောက်စဉ် အမည်မသိလူ(၅)ဦးခန့်မှ ဦးမျိုးလွင်အား ဝိုင်းဝန်းရိုက်နှက်နေသည်ကို လိပ်ခမော်ကျေးရွာနေ တူမတော်စပ်သူ မနီလာအေးမှမြင်တွေ့ခဲ့ရကြောင်း ပြောသည်။

ထိုသို့ ရိုက်နှက်ခံနေရသည်ကို ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းထံ ဖုန်းဆက်အကြောင်းကြားခဲ့ပြီး နီးစပ်ရာဆွေမျိုးများဖြင့် သွားရောက်ရှာဖွေရာ အခင်းဖြစ်သည့်နေရာတွင် ဦးမျိုးလွင်မရှိတော့ဘဲ အမည်မသိလူတစ်စုမှ စက်လှေဖြင့် တင်ဆောင်သွားခဲ့ကြောင်း အနီးပတ်ဝန်းကျင် မျက်မြင်တွေ့ရှိသူများက ပြောဆိုသည်။

“ကျွန်မလည်း အဲဒီကသတင်းပို့မှ သိရတာပါ၊ အတိအကျမြင်လိုက်တဲ့ လူတွေကတော့ရှိပါတယ်။ သူ့ကို (ဦးမျိုးလွင်) ပလပ်စတစ်နဲ့ အုပ်ပြီးတော့ ဟွန်ဒါပေါ်ကိုတင်ပြီး သူ့ကိုဖိထိုင်ပြီး တင်ခေါ်သွားကြတာကို မြင်လိုက်ကြပါတယ်။ ဝတ်စုံံတွေကတော့ မြင်လိုက်သူတစ်ယောက်ပြောတာက ရဲဝတ်စုံ(၂)ရစ်နဲ့ တစ်ယောက်ဝတ်ထားတယ်။ နောက်ပြီးတော့ အင်္ကျီအပြာ၊ ရိုးရိုးဘောင်းဘီနဲ့ ပုဆိုးနဲ့ကတစ်ယောက်၊ ဘောင်းဘီနဲ့က(၃)ယောက်၊ အားလုံးလူ(၆)ယောက်လို့ ပြောတယ်” ဟု ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းက အနီး ပတ်ဝန်းကျင်မှ မျက်မြင်တွေ့ရှိသူများ ပြောသည်ကို ပြန်ပြောပြသည်။

လက်ရှိတွင် ဦးမျိုးလွင်အား ဝိုင်းဖွဲ့ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားသည့် အမည်မသိသူ ၅ ဦးတို့အား ကျောက်ဖြူမြို့မရဲစခန်းတွင် ဇနီးဖြစ်သူဒေါ်ခင်ဝင်းမှ တရားလိုပြုလုပ်ကာ အကြမ်းဖက်ဥပဒေပုဒ်မ-၅၀(က)(ခ)/ ၅၄ အရ အမှုဖွင့်လှစ်ထားပြီး ဖမ်းဆီးသွားသူများကို စုံစမ်းစစ်ဆေးနေကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှ သိရသည်။

ဗီဒီယိုများ