ကျောက်ဖြူတွင် လူတစ်ဦးကို မီးရှို့သတ်ဖြတ်မှုဖြင့် အမျိုးသားနှစ်ဦးကို ဖမ်းဆီး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကုန်းဘောင်ကျေးရွာမှ အမျိုးသားတစ်ဦးအား မီးရှို့သတ်ဖြတ်မှုနှင့်ပတ်သက်ပြီး အမျိုးသားနှစ်ဦးကို ဖမ်းဆီးထားသည်ဟု ကျောက်ဖြူမြို့မရဲစခန်းမှ ဒုရဲမှူး ကျော်ဇော်က ပြောသည်။ 

27 Feb 2020

ဝင်းညွန့် | DMG
ဖေဖော်ဝါရီ ၂၇၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကုန်းဘောင်ကျေးရွာမှ အမျိုးသားတစ်ဦးအား မီးရှို့သတ်ဖြတ်မှုနှင့်ပတ်သက်ပြီး အမျိုးသားနှစ်ဦးကို ဖမ်းဆီးထားသည်ဟု ကျောက်ဖြူမြို့မရဲစခန်းမှ ဒုရဲမှူး ကျော်ဇော်က ပြောသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က မင်းဘာကျေးရွာမှ ကြက်ဝယ်ပြီးပြန်လာသည့် ဦးရဲအောင်ထံက ဦးရန်နိုင်ဦးနှင့် ဦးမောင်သိန်းနုတို့ ကြက်တောင်းကြသည်။ သို့သော် ကြက်ကို မပေးသဖြင့် ဦးရန်နိုင်ဦးနှင့် ဦးမောင်သိန်းနုတို့က ယင်းရွာအနီးတွင် ကောက်ရိုးဖြင့် မီးရှို့သတ်လိုက်ခြင်းဟု ဒုရဲမှူး ကျော်ဇော်က ပြောသည်။

“ အဲဒီနေ့က သူတို့နှစ်ယောက် မင်္ဂလာဆောင်ပွဲကနေ ပြန်လာတယ်။ ပြန်လာတော့ လမ်းမှာ ဆိုင်ကယ်ချိန်းကျတော့ ဆိုင်ကယ်တွန်းနေတဲ့အချိန်မှာ ရဲအောင်က ကြက်ဝယ်ပြီးပြန်လာတယ်။ ဦးရဲအောင်နဲ့ ရန်နိုင်ဦးက ထောင်ထဲမှာ ဆုံခဲ့တယ်။ ဆုံဖြစ်တော့ အဲဒီနားမှာ အရက်ထိုင်သောက်ကြတယ်။ ပြီးတော့ သူတို့နှစ်ယောက်က ရဲအောင်ဆီက ကြက်တစ်ကောင်တောင်းတယ်။ မပေးတော့ နောက်ကနေ ထောင်းပြီးတော့ သတ်လိုက်တာ” ဟု ဒုရဲမှူး ကျော်ဇော်က ပြောသည်။

ရဲတပ်ဖွဲ့က ပျားတဲတောင်ကျေးရွာမှ ဦးမောင်သိန်းနုကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဖမ်းမိခဲ့ပြီး ချောင်းဝကျေးရွာနေ ဦးရန်နိုင်ဦးကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဖမ်းမိခဲ့သည်။

အသတ်ခံရသူ အသက် (၄၅)နှစ်အရွယ် ဦးရဲအောင်သည် ကျေးရွာတွင် ကြက်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦး ဖြစ်သည်ဟု အုန်းတောကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က ဆိုသည်။

“ အဲဒီနေ့က သူက မင်းဘာ ဆိုတဲ့ရွာကို ကြက်ဝယ်ဖို့သွားတယ်။ သူက ဥစားကြက်ရောင်းတာ။ အဲဒီနေ့က ပြန်မရောက်တော့ ကျွန်တော်တို့သွားရှာကြတယ်။ လူတစ်ယောက်သေနေတယ်လိုပြောသံကြားလို သွားကြည့် တာ။ အဲဒီမှာ တွေ့တာ” ဟု ၎င်းကဆိုသည်။

အဆိုပါ ဖမ်းဆီးခံရသူနှစ်ဦးကို ကျောက်ဖြူမြို့ ရဲစခန်းတွင် ပုဒ်မ (၃၀၂) ဖြင့် အရေးယူဆောင်ရွက်နေသည်ဟု သိရသည်။

ဗီဒီယိုများ