ကျောက်ဖြူမြို့နယ်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး တပ်မတော်က ပြန်လည်ပစ်ခတ်

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေစဉ်ကာလအတွင်း တရုတ်စီမံကိန်းများရှိသည့် ကျောက်ဖြူမြို့နယ်တွင် မိုင်းပေါက်ကွဲမှုသည် ရှားပါးဖြစ်စဉ်ဖြစ်သည်။

By ခိုင်မင်း(ကျောက်ဖြူ) 12 Dec 2019

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေစဉ်ကာလအတွင်း တရုတ်စီမံကိန်းများရှိသည့် ကျောက်ဖြူမြို့နယ်တွင် မိုင်းပေါက်ကွဲမှုသည် ရှားပါးဖြစ်စဉ်ဖြစ်သည်။

ခိုင်မင်း(ကျောက်ဖြူ) | DMG
ဒီဇင်ဘာ ၁၂၊ ကျောက်ဖြူ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ပေါက်ပြင်ကျေးရွာအနီးတွင် ဒီဇင်ဘာလ (၁၁)ရက်နေ့၊ ညနေ (၆)နာရီကျော်ခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် တပ်မတော်က ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ထိုသို့ မိုင်း(၂)လုံးပေါက်ကွဲခဲ့သောကြောင့် တပ်မတော်ယာဉ်တန်းမှ အနီးအနားကို သေနတ်ဖြင့် (၁၅)မိနစ်ခန့်ကြာ ပစ်ခတ်ခဲ့ပြီး နေအိမ်အနီးများသို့ ကျရောက်ခဲ့သဖြင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေကြသည်။

“ကျွန်တော်တို့ မိုင်တိုင်အမှတ်(၈၅/၄)နဲ့ နည်းနည်းအကွာပေါ့။ အဲဒီနားမှာ ကွန်ကရစ်တံတားတစ်စင်းပေါ့။ ကျောက်ဖြူဖက်ကလာရင် ညာဖက်အခြမ်းပေါ့။ အဲဒီတံတားထိပ်နဲ့ နည်းနည်းအကွာမှာ မိုင်းတစ်လုံးကွဲတယ်။ မိုင်းကွဲတဲ့အနား သုံးပေအကွာမှာပဲ နောက်ထပ်မိုင်းတစ်လုံးကွဲတာကို တွေ့ရတယ်။ နောက်ပြီးတော့ အဲဒီကကျော်သွားပြီးတော့ ကျောက်ဖြူဖက်ကိုသွားတဲ့ ရမ်းဗြဲခွဆုံ အနားမှာတော့ သေနတ်နဲ့ပစ်ထားတဲ့ ကျည်ဆံခွံတွေ တွေ့ရတယ်”ဟု ပေါက်ပြင်အုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်က DMG ကိုပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ခဲ့သော် လည်း အဆက်အသွယ်မရပေ။ အလားတူ ရက္ခိုင့်တပ်တော်(AA)ကို ဆက်သွယ်ရာတွင်လည်း မသိရှိသေးကြောင်း ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ဖြေကြားသည်။

ဗီဒီယိုများ