ဒု-ဗိုလ်မှူးကြီး ခိုင်ပေါ်လင်း ဖမ်းဆီးခံရမှုနှင့်ဆက်စပ်ပြီး ဒေသခံ တစ်ဦးကို ALP ကဖမ်းဆီး၊ ဆက်ဖမ်းရန်ရှိသေးဟုဆို

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်း ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ဆက်စပ်သည်ဟုသံသယဖြင့် စစ်တွေဒေသခံတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး အခြားဆက်စပ်သူများကိုလည်း ဖမ်းဆီးရန်ရှိသေးကြောင်း ALP ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး ခိုင်ကျော်စိုးကပြောသည်။

08 Aug 2022

ALP ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို စစ်တွေမြို့တွင် တွေ့ရစဉ်။

DMG ၊ သြဂုတ် ၈

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်း ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ဆက်စပ်သည်ဟုသံသယဖြင့် စစ်တွေဒေသခံတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး အခြားဆက်စပ်သူများကိုလည်း ဖမ်းဆီးရန်ရှိသေးကြောင်း ALP ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး ခိုင်ကျော်စိုးကပြောသည်။

သြဂုတ်လ ၇ ရက် နေ့လည် ၁ နာရီခန့်တွင် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှ ကိုအေးကိုနှင့် ကာနာချေ(ခ)သိန်းဆန်းတို့ကို ဒု-ဗိုလ်မှူးကြီး ခိုင်ပေါ်လင်းဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးရာတွင် ကာနာချေ(ခေါ်)သိန်းဆန်းမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ၎င်းကဆိုသည်။

“ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်း ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီးတော့ နောက်ထပ်ပါဝင်ပတ်သက်တဲ့သူတွေလည်း ဖမ်းဖို့ရှိသေးတယ်။ သူတို့ကိုလည်း ကျွန်တော်တို့က ဆက်လက်စုံစမ်းနေတယ်။ သူတို့ရဲ့ တည်နေရာတွေကို ကျွန်တော်တို့လိုက်လံစုံစမ်းနေတယ်။ စုံစမ်းလို့ရပြီဆိုရင် ကျွန်တော်တို့ကဖမ်းဖို့အတွက် အဆင်သင့်လုပ်ထားတယ်”ဟု ဒုဗိုလ်မှူးကြီး ခိုင်ကျော်စိုးကပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့ ညနေပိုင်းက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ဗဟိုအမှုဆောင်ကော်မတီဝင် ဒုတိယ ဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနှင့်အတူ အဋ္ဌမတန်းကျောင်းသား မောင်စိုးနိုင်တို့ကို ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များက နေအိမ်မှ ဝင်ရောက်ဖမ်းဆီးသွားကြောင်း ALP က ထုတ်ပြန်ခဲ့သည်။

မိမိတို့ပါတီဝင်နှင့်ကျောင်းသားကို ပြန်လွှတ်ပေးလျှင် ယခုဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးမည်ဟု ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး ခိုင်ကျော်စိုးကဆိုသည်။

“ကျွန်တော်တို့ကလည်း ဆိုးဆိုးဝါးဝါး မဖြစ်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်သူအတွက်လုပ်နေတဲ့ ပါတီဖြစ်တဲ့အတွက်ကြောင့် အမျိုးသားညီညွတ်ရေးမူဘောင်တစ်ခုချပြီးတော့ ဆွေးနွေးတိုင်ပင်ရင် ရတယ်။ ဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို လွှတ်ပေးရင်တော့ ကျွန်တော်တို့ဘက်ကလည်း ပါတီခေါင်းဆောင်တွေ ကိုတင်ပြပြီးတော့ ဆွေးနွေးသွားဖို့ရှိတယ်”ဟု ၎င်းကပြောသည်။

ALP မှ ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်း ဖမ်းဆီးခံရပြီးနောက် သြဂုတ် ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် အဆိုပါရပ်ကွက်မှ ရာအိမ်မှူးတစ်ဦးအပါအဝင် ဒေသခံနှစ်ဦးကို ALP တပ်ဖွဲ့ဝင်များနှင့် မြန်မာစစ်တပ် ခမရ(၃၅၄)တပ်ရင်းမှ တပ်ဖွဲ့ဝင်များပူပေါင်းကာ ဖမ်းဆီးသွားကြောင်း Arakan Princess Media က ဖော်ပြထားသည်။ သို့သော် ယင်းသို့ ရာအိမ်မှူးနှင့် ဒေသခံများကို ဖမ်းဆီးမှုများမရှိကြောင့် ALP မှ ဒုဗိုလ်မှူးကြီး ခိုင်ကျော်စိုး ကပြောသည်။

ပြီးခဲသည့် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် မြောင်ကြီးကျေးရွာအနီးရှိ ALP မှ တွဲဘက်အတွင်းရေးမှူး ခိုင်အောင်စိုးသန်းနဲ့ ခိုင်မျိုးဇံအပါအဝင် ဆေးဝန်ထမ်းများဖြစ်သည့် ခိုင်ဌေး၊ ခိုင်မိုးဇက်၊ ခိုင်ဟိန်းဇော်တို့ကို ULA/AA မှဖမ်းဆီးခဲ့ပြီး ရက်ပေါင်း ၁၀ ကျော်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။

လက်ရှိ ALP တပ်ဖွဲ့ဝင်များကို ဖမ်းဆီးထားခြင်းနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို DMG မှ ဆက်သွယ်နေဆဲဖြစ်သည်။

ALP ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အကူအညီဖြင့် ၁၉၆၈ ခုနှစ် နိုဝင်ဘာလတွင်စတင်ဖွဲ့စည်းခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း သက်တမ်းရှည်ကြာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ လက်ရှိတွင် ALP မှာ အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချူပ်(NCA)တွင် လက်မှတ်ရေးထိုးထားပြီး စစ်ကောင်စီကဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးများသို့ မကြာခဏ တက်ရောက်လျက်ရှိသည်။

ဗီဒီယိုများ