ကျောက်ဖြူတွင် တပ်မတော်က ဝင်ရောက်စစ်ဆေးမှုကြောင့် ရွာသားများ ကြောက်လန့်ထွက်ပြေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အောင်လံချိန်ကျေးရွာအတွင်းသို့ ယနေ့နံနက်(၇)နာရီခန့်က တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ရောက်စစ်ဆေးမှုကြောင့် ကျေးရွာသားများမှာ ကြောက်လန့်ပြီး အနီးအနားကျေးရွာများသို့ ထွက်ပြေးနေကြကြောင်း သိရသည်။

By ဉာဏ်ဟိန်း 11 Nov 2020

ဓာတ်ပုံ- facebook / Kyaw Lwin

ဉာဏ်ဟိန်း| DMG
နိုဝင်ဘာ ၁၁ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အောင်လံချိန်ကျေးရွာအတွင်းသို့ ယနေ့နံနက်(၇)နာရီခန့်က တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ရောက်စစ်ဆေးမှုကြောင့် ကျေးရွာသားများမှာ ကြောက်လန့်ပြီး အနီးအနားကျေးရွာများသို့ ထွက်ပြေးနေကြကြောင်း သိရသည်။

ကျေးရွာသားများမှာ မြို့ချောင်း၊ တံခွန်တိုင်၊ အထက်မဒေးကျွန်းစသည့် ကျေးရွာများသို့ ထွက်ပြေးနေကြခြင်း ဖြစ်သည်။

“သူတို့က အောင်လံချိန်နဲ့ တံခွန်တိုင်ကြားမှာ စခန်းချပြီးတော့နေတယ်။ ဒီနေ့နံနက်ပိုင်းက ကျနော်တို့ရွာကို ဝင်ပြီးတော့ အိမ်တွေကိုမွှေတယ်။ ရွာသားတချို့ကိုလည်း ဖမ်းပြီးတော့ မေးမြန်းတယ်။ အဲဒါကြောင့် ရွာသားတွေကြောက်ပြီးတော့ ထွက်ပြေးနေရတယ်။ ရွာမှာတော့ အသက်ကြီးပိုင်းတွေ ကျန်ခဲ့တယ်။ အခုလည်း ရွာသားတွေကို စုပြီးတော့ စစ်ဆေးနေလို့ကြားတယ်” ဟု အောင်လံချိန်ကျေးရွာမှ ထွက်ပြေးလာသူ ကိုမောင်ခိုင်ဝေ က DMG သို့ပြောသည်။

အဆိုပါ အောင်လံချိန်ကျေးရွာတွင် အိမ်ခြေ ၄၀၀ ကျော်ရှိပြီး လူဦး ၃၀၀၀ နီးပါးရှိကြောင်း သိရသည်။

ထိုသို့ အောင်လံချိန်ကျေးရွာကို ဝင်ရောက်စစ်ဆေးမှုကြောင့် ထိုကျေးရွာနှင့် တစ်မိုင်ခန့်အကွာရှိ တံခွန်တိုင်ကျေးရွာမှ ကျေးရွာသားတချို့လည်း ကြောက်လန့်ပြီး ထွက်ပြေးနေကြောင့် တံခွန်တိုင်ကျေးရွာမှ ကိုကျော်မြင့် က DMG သို့ ပြောသည်။

“ ကျနော်တို့ရွာနဲ့ အောင်လံချိန်က တစ်မိုင်လောက်ပဲဝေးတာ။ အဲဒီရွာမှာ စစ်ဆေးနေတော့ ကျနော်တို့ ကျေးရွာသားတချို့လည်း ထွက်ပြေးနေကြရတယ်။ နောက်ပြီးတော့ စက်လှေတွေလည်း ထွက်ခွင့်မပေးတာ တစ်ပတ်လောက်ရှိပြီ။ စားဝတ်နေရေးတွေ အခက်အခဲရှိတယ်” ဟု ၎င်းကဆိုသည်။

ကျောက်ဖြူမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်က ယနေ့နံနက်ပိုင်းတွင် အောင်လံချိန်ကျေးရွာကို တပ်မတော်က ဝင်ရောက်စစ်ဆေးမှုရှိကြောင်း၊ ကျေးရွာသားများမှာ ထွက်ပြေးတိမ်ရှောင်နေရကြောင်းနှင့် လမ်းများကိုလည်း ပိတ်ထားကြောင်း DMG ကို အတည်ပြုသည်။

ယခုကိစ္စနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းကို DMG က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

နိုဝင်ဘာ ၂ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ ဇိုင်ချောင်းကျေးရွာအတွင်းကို တပ်မတော်စစ်ကြောင်းက ဝင်ရောက်လာပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သဖြင့် ကျေးရွာသား ၇၀၀ ကျော်မှာ ကျောက်ဖြူမြို့ပေါ်နှင့် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှု ၂ နှစ်နီးပါးကြာမြင့်လာသည်နှင့်အမျှ စစ်ဘေးဒုက္ခသည်ဦးရေ ၂၃၆,၂၂၉ ဦးထိ ရှိလာနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) က နိုဝင်ဘာလ (၂)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဗီဒီယိုများ