ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကို ဖော်ဆောင်ရာတွင် ဒေသခံများမနစ်နာစေရေး အဓိက ဆောင်ရွက်မည်ဟုဆို

ရခိုင်ပြည်နယ်တွင် တည်ဆောက်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းများတွင် ဒေသခံများ မနစ်နာစေရေးအတွက် အဓိကအလေးပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယခု ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ကျောက်ဖြူမြို့နယ်မှ ရခိုင်ဦးဆောင်ပါတီ(AFP)ကို ကိုယ်စားပြု ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သော လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုကြသည်။

By သက်ပိုင် 20 Nov 2020

သက်ပိုင် | DMG
နိုဝင်ဘာ ၁၉ ၊ ကျောက်ဖြူ

ရခိုင်ပြည်နယ်တွင် တည်ဆောက်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းများတွင် ဒေသခံများ မနစ်နာစေရေးအတွက် အဓိကအလေးပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယခု ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ကျောက်ဖြူမြို့နယ်မှ ရခိုင်ဦးဆောင်ပါတီ(AFP)ကို ကိုယ်စားပြု ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သော လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုကြသည်။

ကျောက်ဖြူမြို့နယ်အတွင်း ရွှေဂတ်(စ်)စီမံကိန်းနှင့် မဒေးကျွန်း ရေနက်ဆိပ်ကမ်းစီမံကိန်းများကို ဆောင်ရွက်နေဆဲဖြစ်သော်လည်း ဒေသခံများမှာ စီမံကိန်းဧရိယာတွင် ပါဝင်ခဲ့သည့် မြေယာများအတွက် လျော်ကြေးငွေ အပြည့်အဝ မရခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း မရခြင်း၊ မူလရေလုပ်ငန်း လုပ်ကိုင်ခွင့်ရသည့် ဧရိယာများကို ဆုံးရှုံးသွားခြင်းတို့နှင့် ကြုံတွေ့နေရသည်။

ကျောက်ဖြူမြို့နယ်တွင် လက်ရှိ ဆောင်ရွက်နေသည့် စီမံကိန်းအချို့တွင် ဒေသခံများ အကျိုးခံစားခွင့် မရရှိမှုများ ဖြစ်ခဲ့သောကြောင့် ယခုဖော်ဆောင်မည့် အထူးစီးပွားရေးဇုန် စီမံကိန်းကို အကောင်ထည်ဖော်ဆောင်ရွက်မည့် ပြည်တွင်း/ ပြည်ပ ကုမ္ပဏီများနှင့် အစိုးရအဖွဲ့တို့ချုပ်ဆိုသော စာချုပ်စာတမ်းပါ သဘောတူညီချက်နှင့် တည်ဆဲဥပဒေ မူဘောင်များအတွင်းမှ ပြည်သူများ၏ ရသင့်ရထိုက်သော အခွင့်အရေးများ အပြည့်အဝရရှိစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွင် အနိုင်ရရှိခဲ့သည့် ဦးဘသိန်းရင်ကဆိုသည်။

“ပြီးခဲ့တဲ့ စီမံကိန်းတွေတုန်းက ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်း မရရှိခဲ့ရတာက လုပ်ငန်းကဏ္ဍအလိုက် လိုအပ်တဲ့ အရည်အချင်းနဲ့ ပြီးပြည့်စုံတဲ့ ကျွမ်းကျင်လုပ်သားတွေ မရှိလို့ အလုပ်ကိုင်အခွင့်လမ်း အရနည်းခဲ့တာ ဖြစ်နိုင်ပါတယ်။ စီမံကိန်းလုပ်ငန်း အမျိုးအစားပေါ်မူတည်ပြီး လမ်းဖောက်လုပ်ရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ ၊မြေပြုပြင်ရေးကဏ္ဍ စတဲ့ ကဏ္ဍအလိုက် လေ့ကျင့်ရေးသင်တန်းတွေဖွင့်ပြီး လက်မှတ်ရ ကျွမ်းကျင်လုပ်သားတွေ ကြိုတင်မွေးထုတ်ထားမှသာ စီမံကိန်းစတင်ဆောင်ရွက်ချိန်မှာ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်မှာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ကျောက်ဖြူမြို့နယ်တွင် တည်ဆောက်ခဲ့သည့် ယခင်စီမံကိန်းများဆောင်ရွက်ခဲ့စဉ်က ဒေသခံပြည်သူများ အနေဖြင့် အလုပ်ကိုင်အခွင့်လမ်း ပြည့်ဝစွာမရှိခြင်း၊ ကုမ္ပဏီအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ ဆောင်ရွက်ပေးခဲ့ခြင်းမရှိခြင်းနှင့် ဒေသခံများမြေယာလျော်ကြေးနှင့်ပတ်သက်၍ နစ်နာမှုများရှိခဲ့သောကြောင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ဆောင်ရွက်ချိန်တွင် ထိုသို့ ထပ်မံမဖြစ်ပွားစေရေး အတွက် လွှတ်တော်ထဲရောက်ချိန်တွင် တောင်းဆိုသွားမည်ဖြစ်ကြောင်း ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ ကျောက်ဖြူမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁) နေရာတွင် အနိုင်ရရှိခဲ့သည့် ဦးသန်းလွင်ကပြောသည်။

“စာချုပ်စာတမ်းထဲမှာ ကျွန်တော်တို့ဒေသအတွက် ဘယ်လိုအကျိုးအမြတ်တွေ ရှိနိုင်မယ်။ ထိခိုက်မှုတွေကို ဘယ်လို ကာကွယ်မယ်ဆိုတဲ့ အထောက်ထားတွေကို လွှတ်တော်ထဲကနေ ပြည်သူ့ကိုယ်စား တောင်းဆိုပေးသွားမယ်။ နောက်ပြီး အရင်စီမံကိန်းတွေတုန်းက ပြည်သူတွေနစ်နာခဲ့ရတဲ့ အထောက်ထားတွေ ကိုလည်း တင်ပြသွားဖို့ရှိပါတယ်။ ဒါတွေကို ပြည်နယ်နဲ့ မရရင် ပြည်ထောင်စုအထိ ချိတ်ဆက်တင်ပြသွားမှာပါ” ဟု သူကဆိုသည်။

ထို့အပြင် ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ ကျောက်ဖြူမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၂) နေရာတွင် အနိုင်ရရှိခဲ့သည့် ဦးသိန်းမြင့်ကလည်း ဒေသခံများနစ်နာမှုထပ်မံ မဖြစ်ပွား စေရေးအတွက် ဒေသခံများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

“ဒေသခံတွေ၊ တာဝန်ရှိသူတွေနဲ့ တိုင်ပင်ရမယ်၊ ဆွေးနွေးရမယ်၊ နောက်ပြီး ဒေသခံပြည်သူတွေအလုပ်ကိုင် အခွင့်အလမ်းတော်တော်တော်များများရဖို့လိုတယ်။ အဲဒီအတွက် အလုပ်ကိုင်ရကြမှလည်း ဒေသဖွံ့ဖြိုးလာမှာပေါ့။ အဲအတွက်လည်း လွှတ်တော်ထဲရောက်ထဲအခါ ကုမ္ပဏီရဲ့ လုပ်ငန်းဆောင်တာတွေက ဘယ်လိုရှိတယ်ဆိုတာကို လေ့လာသုံးသပ်ပြီး အဖြေထုတ်သွားရမှာပါ”ဟု ၎င်းကပြောဆိုသည်။

ဒေသခံများအနေဖြင့်လည်း အဆိုပါ ကျောက်ဖြူအထူးစီးပွားရေးဇုန် ဖော်ဆောင်ရာတွင် ယခင်စီမံကိန်းများ လုပ်ဆောင်စဉ်ကကဲ့သို့ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်လျက်ရှိနေကြသည်။

“ရေနက်ဆိပ်ကမ်း တည်ဆောက်မယ်လို့ပြောထားတဲ့ ဧရိယာက ကျွန်တော်တို့ အသုံးပြုနေရတဲ့ ဆိပ်ကမ်းတွေ၊ ကျွန်တော်တို့ ဝမ်းရေးအတွက် ရှာစားနေရတဲ့ ဧရိယာတွေလေ။ စီမံကိန်းသာ အကောင်ထည်ဖော်ရင်တော့ ဒါတွေအကုန် ပါကုန်မှာလေ။ ပျက်စီးကုန်ရင် ကျွန်တော်တို့ ဘာလုပ်စားရမှာလဲ”ဟု ကျောက်ဖြူမြို့နယ် ဒေသခံတစ်ဦးဖြစ်သူ ကိုမောင်မောင်သန်းက ဆိုသည်။

ထို့အပြင် မိမိတို့ ဒေသခံများအနေဖြင့် ကျောက်ဖြူမြို့နယ်မှ အသစ်ထံမံအနိုင်ရရှိသွားသည့် လွှတ်တော် ကိုယ်စားလှယ်အနေဖြင့် ဒေသအကျိုးကိုကြည့်ကာ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအား ပွင့်လင်းမြင်သာသော စီမံကိန်းတစ်ခုဖြစ်လာစေရန် ဆောင်ရွက်ပေးစေလိုကြောင်း သူက ထပ်လောင်းပြောဆို ခဲ့သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ယခင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် အကောင်အထည်ဖော်တည်ဆောက်ရန် စတင်လုပ်ဆောင်ခဲ့ပြီး၊ ၂၀၁၅ ခုနှစ်က ကျောက်ဖြူအထူး စီးပွားရေးဇုန်တည်ဆောက်ရန် လိုအပ်သည့်ဥပဒေကို ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။

ထို့နောက် တရုတ်သမ္မတရှီကျင့်ဖျင်သည်၂၀၂၀ခုနှစ် ဇန်နဝါရီလ ၁၇ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်အပါဝင် အစုရှယ်ယာ များနှင့် သက်ဆိုင်သော သဘောတူစာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရှယ်ယာအများဆုံးမှာ တရုတ်ကုမ္ပဏီဖြစ်သည့် CITIC ကုမ္ပဏီဖြစ်ပြီး MKSHC ကုမ္ပဏီအပါအဝင် မြန်မာနိုင်ငံအတွင်းက ဒေသခံ ကုမ္ပဏီ ၅၀ ကျော်က လုပ်ဆောင်ကြမည်ဖြစ်ကာ နှစ် ၅၀ လုပ်ကိုင်ခွင့်ပေးထားပြီး ထိုကာလအတွင်း မြန်မာအစိုးရသည် အထူးစီးပွားရေးဇုန်မှ အခွန် ဒေါ်လာ ၇ ဒသမ ၈ ဘီလျံ ရမည်ဖြစ်ကာ ရေနက်ဆိပ်ကမ်းမှ ဒေါ်လာ ၆ ဒသမ ၅ ဘီလျံ ရရှိမည်ဖြစ်သည်။

ကနဦးအဆင့်တွင် ဒေါ်လာ ၁.၃ ဘီလျံ ရင်းနှီးမြှုပ်နှံပြီး ၇၀ ရာခိုင်နှုန်းကို China International Trust and Investment Corporation Group (CITIC) က ရင်းနှီးမြှုပ်နှံကာ မြန်မာအစိုးရက ၃၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားသည်။

မဒေးကျွန်းရေနက်ဆိပ်ကမ်းပါဝင်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို နယ်နိမိတ်ဧရိယာအဖြစ် မြေဧက ၄၂၈၉ ဒသမ ၃၂ ကို သတ်မှတ်ထားကာ ရေနက်ဆိပ်ကမ်းစီမံကိန်း အမှတ်(၁)တွင် နယ်နိမိတ် ၃၇၀ ဒသမ ၆၆ ဧကနှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း အမှတ် (၂)တွင် နယ်နိမိတ် ၂၃၇ ဒသမ၂၂ ဧက တည်ဆောက်သွားမည်ဖြစ်သည်။

ယင်းစက်မှုဇုန်အတွက် အထည်ချုပ်လုပ်ငန်း စက်ရုံစု(၁)တွင် မြေ ၇၈၄ ဒသမ ၅၀ ဧက၊ အထည်ချုပ်လုပ်ငန်း စက်ရုံစု(၂)တွင် မြေ ၂၃၄ ဒသမ ၆၈ ဧက၊ စက်မှုလုပ်ငန်း စက်ရုံစု(၁)တွင် မြေဧ ၃၁၄ ဒသမ ၈၄ ဧက၊ စက်မှုလုပ်ငန်းစက်ရုံစု(၂)တွင် မြေ ၁၀၂၂ ဒသမ ၀၅ ဧက၊ အပန်းဖြေနှင့် ဘဏ်လုပ်ငန်းစု(၁)တွင် မြေဧက ၆၅၂ ဒသမ ၀၁ ဧက၊ အပန်းဖြေနှင့် ဘဏ်လုပ်ငန်းစု(၂)တွင် မြေ ၂၈၃ ဒသမ ၀၇ ဧက၊ အပန်းဖြေနှင့် ဘဏ်လုပ်ငန်းစု (၃)တွင် မြေ ၃၀၀ ဒသမ၂၉ ဧက ပါဝင်ကြောင်း အစိုးရထုတ်ပြန်ချက်များအရ သိရသည်။

ဗီဒီယိုများ