၅၀ (ည) ပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် မြေပုံဒေသခံ ၅ ဦး တရားသေလွတ်မြောက်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှ ဒေသခံ ၅ ဦးကို မနေ့က မတ်လ ၁၀ ရက်နေ့တွင် ကျောက်ဖြူခရိုင်တရားရုံးမှ အပြီးသတ် အမိန့်ချမှတ်ခဲ့ရာ အပြစ်မရှိသဖြင့် တရားသေလွတ်ပေးလိုက်ကြောင်း ရှေ့နေထံမှသိရသည်။

11 Mar 2021


DMG ၊ မတ် ၁၁

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှ ဒေသခံ ၅ ဦးကို မနေ့က မတ်လ ၁၀ ရက်နေ့တွင် ကျောက်ဖြူခရိုင်တရားရုံးမှ အပြီးသတ် အမိန့်ချမှတ်ခဲ့ရာ အပြစ်မရှိသဖြင့် တရားသေလွတ်ပေးလိုက်ကြောင်း ရှေ့နေထံမှသိရသည်။

၎င်းတို့ ၅ ဦးမှာ စွဲဆိုခံထားရသည့် ပုဒ်မနှင့်ငြိမ်းစွမ်းမှုမရှိသောကြောင့် တရားရုံးမှ ယခုကဲ့သို့တရားသေလွတ် လွတ်မြောက်ကြောင်း အမိန့်ချမှတ်လိုက်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွတ်တော်ရှေ့နေ ဦးတင်လှိုင်ဦးက ပြောသည်။

“၅၀ (ည)က ပြစ်မှုမမြောက်ဘူး။ တရားလိုရဲ့စွပ်စွဲချက်တစ်ခုသာရှိတယ်။ ဒါကြောင့် ဒီလူတွေကို အပြီးသတ် လွတ်တဲ့အမိန့်ချမှတ်လိုက်တာဖြစ်တယ်”ဟု ဦးတင်လှိုင်ဦးက ပြောသည်။

ယင်းသို့ လွတ်မြောက်လာသူများမှာ မြေပုံမြို့နယ်၊ ရွာသာယာကျေးရွာမှ ကိုမောင်သန်းမြင့်၊ ဦးမောင်တင်မြင့်၊ ဦးတင်မောင်ညွှန့်နှင့် မြေပုံမြို့နယ်၊ မြတဲတောင်ကျေးရွာမှ ကိုတင်ရွှေသန်းတို့ဖြစ်ကြသည်။

“ကျွန်မတို့မှာ ယောင်္ကျားအချုပ်ကျနေတော့ အလုပ်လုပ်မယ့်သူလည်းမရှိဘူး။ သားသမီးကလည်း နှစ်ယောက်နဲ့ စားဝတ်နေရေးအခက်အခဲတွေ ရင်ဆိုင်ကြုံခဲ့ရတယ်။ အခုလို ပြန်လွတ်လာတော့လည်း ဝမ်းသာမိတာပေါ့”ဟု ဖမ်းဆီးခံရသူ ကိုတင်ရွှေသန်း ဇနီးဖြစ်သူ မဖြူဖြူဝင်းက ပြောသည်။

အဆိုပါ မြေပုံ ဒေသခံ ၅ ဦးမှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း ဖမ်းဆီးခံခဲ့ရပြီး ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် (၁)နှစ်ကျော်ကြာ တရားရင်ဆိုင်ပြီး ပြန်လည်လွတ်မြောက် လာခြင်းဖြစ်သည်။

“ကျွန်မတို့ ယောင်္ကျားက အေအေနဲ့ဘာမှ ဆက်စပ်မှုလည်းမရှိ ပတ်သက်တာမရှိဘူး။ကျပန်းရရာလုပ်ကိုင်စား သောက်နေတာ။ ကျွန်မယောင်္ကျား အပြစ်မရှိတာကြောင့် လွတ်မယ်လို့ယုံကြည်ထားတယ်။ ယောင်္ကျားမရှိတဲ့အချိန်မှာ မိန်းမတစ်ယောက်တည်းရုန်းကန်ရတာမလွယ်ဘူး။ အခုလည်း စစ်ဘေးရှောင်စခန်း မှာနေနေရတယ်။ ပိုက်ဆံမရှိလို့ ယောင်္ကျားလွတ်ရင်လည်း သွားလို့တောင်မကြိုနိုင်ဘူး”ဟု ဖမ်းဆီးခံရသည့် ကိုမောင်သန်းမြင့် ဇနီးဖြစ်သူ မတင်မချေက ဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော် (AA) တို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းမှစ၍ တိုက်ပွဲ ဖြစ်ပွားခဲ့သည်မှာ (၂) ကျော်အထိ ကြာမြင့်ခဲ့သည်။

တိုက်ပွဲကာလအတွင်း AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်ဖြင့် တရားစွဲဆိုခံရသူ ၃၆၀ အထိရှိကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏ စာရင်းမျးအရသိရသည်။

ဗီဒီယိုများ