ကျောက်ဖြူဒေသထွက် ဆားများကို ပြည်ပဈေးကွက်သို့ပို့ရန် စီစဉ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကြံတိုင်းအောင် ဆားကြိတ်စက်ရုံမှ ဒေသထွက်ဆားများကို အရည်အသွေးမီမီဖြင့် နိုင်ငံခြားဆားများကဲ့သို့ ပြည်ပသို့တင်ပို့ရောင်ချနိုင်ရန် ဒိန်းမက်နိုင်ငံအထောက်အပံ့ဖြင့် စီစဉ်ဆောင်ရွက်ချက်ရှိ ကြောင်း စက်ရုံပိုင်ရှင်ထံမှ သိရသည်။

06 Mar 2021


DMG ၊ မတ် ၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကြံတိုင်းအောင် ဆားကြိတ်စက်ရုံမှ ဒေသထွက်ဆားများကို အရည်အသွေးမီမီဖြင့် နိုင်ငံခြားဆားများကဲ့သို့ ပြည်ပသို့တင်ပို့ရောင်ချနိုင်ရန် ဒိန်းမက်နိုင်ငံအထောက်အပံ့ဖြင့် စီစဉ်ဆောင်ရွက်ချက်ရှိ ကြောင်း စက်ရုံပိုင်ရှင်ထံမှ သိရသည်။

RBF Gram ဖြင့် ဝယ်ယူထားသည့် ခေတ်မီစက်ကြီးနှစ်လုံးဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် (Screw type auto machine) ဟုခေါ်သည့် စက်ကြီးနှစ်လုံးဖြင့် ဆားထုတ်လုပ်ခြင်းမှာ ပထမဆုံးအသုံးပြုခြင်းဖြစ်ပြီး အလုပ်သမားအင်အား အများပြားမလိုဘဲ ထုတ်ကုန်များကို ယခင်ထက် ၃ ဆ ထုတ်လုပ်နိုင်ကြောင်း ယင်းစက်ရုံမှ BOD ဒါရိုက်တာ ဦးထက်နိုင်ထွဋ်က ပြောသည်။

“အရင်တုန်းကဆိုရင် တစ်နေ့ကို တန်ချိန် ၁၀၀ လောက်ပဲ ထုတ်လုပ်နိုင်ခဲ့တယ်။ အခုတော့ တစ်နေ့ကို တန်ချိန် ၃၀၀ လောက် ထုတ်လုပ်နိုင်ခဲ့ပြီပေါ့နော်။ ကျနော်တို့မှာ အစကတည်းက ဒီ Plan က ရှိပြီးသားပါ။ စက်မှုကြီးကြပ်ဝန်ကြီးအောက်က အဖွဲ့စည်းတစ်ခုဆီမှာ စီးပွားရေးလုပ်ငန်းတွေကို ချပြဆိုတဲ့အခါ လုပ်ချင်တဲ့ပုံစံကို ချပြလိုက်တော့ ကိုက်ညီတဲ့အတွက် အကူညီရတာပေါ့နော်။ အကုန်လုံးတော့မဟုတ်ဘူး ဥပမာ သိန်း ၁၀၀၀ ကျတယ်ဆိုရင်လည်း ၄၀ ရာခိုင်နှုန်းလောက်ပဲ ပေးရတယ် အဲလို့ပါ” ဟု ဆိုသည်။

မိမိပြည်တွင်းထွက်ဆားများကိုသာ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်တော့မည်ကို ဝမ်းသာမိကြောင်း အိမ်ရှင်မတစ်ဦး ဖြစ်သည့် ဒေါ်ရီရီသန်းက ပြောသည်။

“အရင်တုန်းကဆိုရင် နိုင်ငံခြားကလာတဲ့ဆားကို ဈေးကြီးပေးပြီးစားရပါတယ်။ အခုလိုမျိုး ကိုယ့်ရခိုင်ပြည်က ထွက်တဲ့ဆားကို နိုင်ငံခြားကလာတဲ့ဆားလိုမျိုး စားရတော့မယ်ဆိုတော့ ကျမတို့လည်းဝမ်းသာပါတယ်” ဟု ဆိုသည်။

ကြံတိုင်းအောင်စက်ရုံမှ ဆားများကို ရခိုင်ပြည်နယ်အပါအဝင် မင်းဘူး၊ မကွေး၊ ချမ်းပြည်ထိတိုင် တင်ပို့ရောင်းချ နိုင်ခဲ့ပြီး တခြားလိုအပ်သည့် စက်ပစ္စည်းများ ရရှိမည်ဆိုလျင်လည်း နိုင်ငံခြားထိ တင်ပို့ရောင်းချနိုင်ကြောင်း လတ်တလောတွင် ကိုဗစ်ကာလနှင့် နိုင်ငံရေးအခြေနေများကြောင့် ယင်းစက်ကိုဝယ်ယူရန် အခက်အခဲ ဖြစ်နေသည်။

ကြံတိုင်းအောင်စက်ရုံမှ ထွက်ရှိသည့် ဆားတစ်ပိဿာကို မြန်မာငွေကျပ် ၉၀ ဖြင့် ရောင်းချလျက်ရှိပြီး ပြည်မဘက်ကလာသည့် ဆားတစ်ပိဿာမှာ လက်ရှိပေါက်ဈေးအရ ကျပ် ၄၀၀ အထိ ရှိကြောင်း DMG ၏ စုံးစမ်းမှုအရ သိရသည်။

နိုင်ငံခြားမှ တင်သွင်းသည့် ဆားများကို ဈေးကြီးပေးပြီး ဝယ်ယူရန်မလိုဘဲ မိမိပြည်တွင်းထွက်သည့် ဆားများကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်နှင့် ယင်းဆားများကို အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာန (FDA) မှ အသိအမှတ်ပြု လက်မှတ်ရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ရခိုင်ပြည်နယ်တွင် ယင်းခေတ်မီစက်ကြီးများအသုံးပြုထုတ်လုပ်ခြင်းမှာ ပထမဆုံးသောဆားကြိတ်စက်ရုံ ဖြစ်ကြောင်းလည်း သိရသည်။

ဗီဒီယိုများ