ကရင်နီ စစ်ရှောင်ကလေးများအတွက် အာဟာရနှင့် ကျန်မာရေး စောင့်ရှောက်မှုများ လိုအပ်နေ

ကယား (ကရင်နီ) ပြည်နယ် အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန်ခွာ တိမ်းရှောင်နေရသည့် ကလေး ငယ်များ အတွက် အာဟာရနှင့် ကျန်းမာရေး စောင့်ရှောက်မှုများလိုအပ်နေသဖြင့် အကူအညီပေးကြရန် ကရင်နီလူငယ်အဖွဲ့ (Kayan Youth) က တောင်းဆိုလိုက်သည်။

30 Jun 2022

Karenni Logistics Team-KLT အဖွဲ့က စစ်ရှောင် စခန်းများတွင် အာဟာရကျွေးမွေးမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်နေစဉ်။ (ဓာတ်ပုံ-Karenni Logistics Team -KLT)

DMG ၊ ဇွန် ၃၀

ကယား (ကရင်နီ) ပြည်နယ် အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန်ခွာ တိမ်းရှောင်နေရသည့် ကလေး ငယ်များ အတွက် အာဟာရနှင့် ကျန်းမာရေး စောင့်ရှောက်မှုများလိုအပ်နေသဖြင့် အကူအညီပေးကြရန် ကရင်နီလူငယ်အဖွဲ့ (Kayan Youth) က တောင်းဆိုလိုက်သည်။

ကရင်နီဒေသရှိ စစ်ဘေးရှောင် စခန်းအသီးသီးမှ ကလေး (၃၀၀၀၀) ကျော်တို့မှာ အာဟာရ ချို့တဲ့မှု များ ရှိလာနေပြီး ကျန်းမာရေး စောင့်ရှောက်မှုများလည်း နေ့စဉ် လိုအပ်လာကြောင်း ကရင်နီ လူငယ်အဖွဲ့ ဝင်တစ်ဦးက ပြောသည်။

“စစ်ရှောင်စခန်းကို ရောက်လာတဲ့ ကလေးတွေက အခုဆို အရေအတွက် (၃၀၀၀၀) ကျော် လောက်ရှိလာ ပါတယ်။ သူတို့ အတွက် အာဟာရ ထောက်ပံ့မှုတွေ ကျန်းမာရေး စောင့်ရှောက်ပေးမှု အတွက်နေ့ စဉ်လို အပ်လာ တယ်။ အဲဒီအတွက် အခုလို ဝိုင်းဝန်းကူညီ ပေးကြဖို့ တောင်းဆိုလိုက်ခြင်း ဖြစ်ပါတယ် ” ဟု အဆိုပါ ကရင်နီ လူငယ်အဖွဲ့ ဝင်တစ်ဦး ကပြောသည်။

ဒေသအတွင်းမှ စစ်ရှောင်ကူညီရေးအသင်းများမှာလည်း နိုင်ငံစီးပွားရေးအကျပ်အတည်းကြောင့် အလှူရှင် ထောက်ပံ့မှုများ နည်းလာခြင်း၊ စားနပ်ရိက္ခာများ ယူဆောင်ရာ လမ်းကြောင်းများတွင် စစ်ဆေးမှု တင်းကြပ်နေခြင်းတို့ကြောင့် ကလေးသူငယ်များအတွက် အာဟာရ ထောက်ပံ့ပေးမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုမှာ လိုအပ်ချက်များစွာ ရှိနေခြင်းဖြစ်သည်။

စစ်ရှောင်အရေး ကူညီပေးနေသည့် Karenni Logistics Team- KLT အဖွဲ့တာဝန်ရှိသူ တစ်ဦးက “ အာဟာရနဲ့ ဆေးဝါးတွေ ကျန်းမာရေး ထောက်ပံ့ ဖို့က လိုအပ်ချက်တွေ အများကြီးရှိနေတာ။ ကျနော်တို့ကတော့ အပြည့်အဝ မကူညီနိုင်ဘူး။ အထိုက်အေ လျာက်ပဲ ကူညီပေးနိုင်တယ် ” ဟု ဆိုသည်။

ယင်းအပြင် ၎င်းက “ တနေ့ကပေါ့ စစ်ရှောင်တွေ အတွက်ဆန် ၁၀ အိတ်သွားပြီး လှူတာ။ လူက ၈၀၀ ကျော် အိမ်ခြေက ရ၈ စု ဖြစ်နေတယ်။ ဒီတော့ တစ်အိမ်မှ တပြည်ခွဲပဲ လှူနိုင်တော့တယ်။ ကလေးတွေ အတွက် အာဟာရ ကျွေးမွေးရေးမှာလည်း အကန့်အသတ်နဲ့ပဲ ထောက်ပံ့ ပေးနိုင်တာ ပေါ့နော် ” ဟု ဆက်လက်ပြော ဆိုသည်။

ထို့အပြင် စစ်ရှောင်စခန်းများ၌ ဆေးဝါး မလုံလောက်ခြင်း အပြင် မိုးရာသီဖြစ်သဖြင့် ကလေးများမှာ တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်း လျောဖြစ်ပွားခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရမှုများလည်း ရှိကြာင်း စစ်ရှောင်များကို ကုသပေးနေသည့် ကျန်းမာရေး ဝန်ထမ်းများ ထံမှသိရသည်။

“မိုးရာသီအစမှာပဲ သောက်သုံးရေမသန့်တာကော ဆေးဝါးတွေ မလုံလောက်တာကြောင့် စစ်ရှောင်ကလေး ၁၀၀၀ ကျော်လောက်ဖျားတယ်။ တုပ်ကွေးတို့ ဝမ်းပျက်ဝမ်းလျောတို့ ဖြစ်ကြတယ်။ တစ်နှစ်သား အရွယ်လေး တွေ ငါးယောက်ကတော့ အသက်ဆုံးရှံးသွားရတယ်။ တကယ်ကလာတဲ့လမ်းမှာ စစ်ကောင်စီ တပ်တွေက ပိတ်ပြီး စစ်တာကော တိုက်ပွဲဖြစ်တာတွေကြောင့် အချို့ဆေးဝါးတွေ အချိန်မှီ မရောက်တာ ကြောင့်လည်း ပါတယ်ပေါ့။ အဲတာကြောင့် အခုလို အသက်ဆုံးရှုံးခဲ့ရတာပါ ” ဟု စစ်ရှောင်များကို ကုသပေးနေသည့် ကျန်းမာရေး ဝန်ထမ်းက ဆိုသည်။

ကယား (ကရင်နီ) ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလမှစကာ ယခု ၂၀၂၂ ခုနှစ် ဇွန်လ နောက်ဆုံး သီတင်းပတ် အထိ စစ်ကောင်စီတပ်နှင့် ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့ ကြား တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားနေပြီး ဒေသခံ တစ်သိန်း ခုနှစ်သောင်းကျော်မှာ နီးစပ်ရာ တောတောင်အတွင်း သို့နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည်။

ဗီဒီယိုများ