ကရင်နီဒေသ တစ်ပတ်တာတိုက်ပွဲအတွင်း ကလေးငယ်အချို့ ထိခိုက်သေဆုံး

ယခုမတ်လပထမအပတ်အတွင်း ကယား(ကရင်နီ)ပြည်နယ်တိုက်ပွဲများအတွင်း ဒေသခံများထိခိုက်သေဆုံးမှုတွင် ကလေးသူငယ်အချို့ပါဝင်ခဲ့ပြီး နေအိမ်အလုံး ၅၀ ကျော်ပျက်စီးခဲ့ကြောင်း ကရင်နီစစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။

10 Mar 2022

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီးမော့ဆိုမြို့နယ်အတွင်း၌ နေအိမ်များပျက်စီးသွားခဲ့စဉ်။ Photo Credit - ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)

DMG ၊ မတ် ၁၀

ယခုမတ်လပထမအပတ်အတွင်း ကယား(ကရင်နီ)ပြည်နယ်တိုက်ပွဲများအတွင်း ဒေသခံများထိခိုက်သေဆုံးမှုတွင် ကလေးသူငယ်အချို့ပါဝင်ခဲ့ပြီး နေအိမ်အလုံး ၅၀ ကျော်ပျက်စီးခဲ့ကြောင်း ကရင်နီစစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။

မတ်လ ၁ ရက်မှစပြီး ၈ ရက်နေ့အထိ ဒီးမော့ဆိုမြို့နယ် သေးဆူလဲ၊ ဒေါဘူးကူး၊ ဒေါပီတအပါအဝင် ကျေးရွာ ၁၀ ရွာနှင့် ဘောလခဲမြို့နယ် နန်းဖဲရွာ၊ လွိုင်ကော်မြို့နယ် လယ်ထွဲရွာသို့ မြန်မာစစ်တပ်မှအင်အားအလုံးအရင်းဖြင့် ဝင်ရောက်ခဲ့သည်။

ထိုကြောင့် KNDF ပူးပေါင်းအဖွဲ့နှင့် မြန်မာစစ်တပ်ကြား ထိတွေ့တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကာ မြန်မာစစ်တပ်မှ လေကြောင်းဗုံးကြဲမှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်ဒေသခံ ၁၄ ဦးကျော်သေဆုံးခဲ့ပြီး ထိုအထဲတွင်ကလေးသူငယ်(၄)ဦးပါဝင်ခဲ့ကြောင်း ကရင်နီစစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်သူတစ်ဦးမှ DMG ကိုပြောသည်။

"မတ်လပထမပတ်အစမှာ စစ်ကောင်စီတပ်က ဒီးမော့ဆိုကို အင်အားသုံး ချီတက်လာခဲ့တဲ့အတွက် နှစ်ဖက်ထိတွေ့မှုဖြစ်ပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်းနဲ့ပစ်ခတ်ခဲ့တဲ့အတွက်လည်း ဒေသခံ ၁၄ ဦးသေဆုံးပြီးတော့ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီထဲမှာ ကလေးသူငယ်အရွယ်ဖြစ်တဲ့ အသက် ၁၀ နှစ်ကနေ ၁၅ နှစ်ဝန်းကျင်တွေလည်းသေဆုံးမှုရှိခဲ့ပါတယ်"ဟု ၎င်းမှပြောသည်။

ထို့အပြင် မတ်လ(၇)ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ် ပူးဖားကျေးရွာတွင် မြန်မာစစ်တပ်နှင့် KNDF ပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေအိမ်အချို့ပျက်စီးခဲ့သည်။

ထိုသို့မီးလောင်ကျွမ်းပျက်စီးခဲ့မှုအပေါ် KNDF ပူးပေါင်းအဖွဲ့ တာဝန်ရှိသူမှ "စစ်ကောင်စီတပ်အင်အား ၃၀၀ လောက် ရွာထဲကို တပ်စွဲဖို့ကြိုးစားခဲ့တယ်။ အဲဒီအတွက် နှစ်ဖက်ထိတွေ့ပစ်ခတ်ပြီးတိုက်ပွဲပြင်းထန်ခဲ့တယ်။ ရွာထဲကနေအိမ်အလုံး ၃၀ ကျော် မီးလောင်ကျွမ်းပျက်စီးခဲ့ပါတယ်"ဟု ဆိုသည်။

ယမန်နေ့ မတ်လ ၉ ရက်နေ့၌ ပူးဖားနှင့် သေးဆူလဲကျေးရွာတို့တွင် KNDF၊ KA ပူးပေါင်းအဖွဲ့များနှင့် မြန်မာစစ်တပ်ကြား တစ်နေကုန်နီးပါး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး နေအိမ်(၁၀)လုံးကျော် မီးလောင်ကျွမ်းပျက်စီးခဲ့သည်။

ယနေ့မတ်လ ၁၀ ရက် နံနက်(၆)နာရီခွဲကျော်အထိ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးရပ်ကွက်နှင့် ကုန်းသာကျေးရွာသို့ မြန်မာစစ်တပ်မှလေကြောင်းတိုက်ခိုက်မှု (၇)ကြိမ်ပြုလုပ်ခဲ့ပြီး ကက်သလစ်သီလရှင်ဘုရားကျောင်းဆောင်များနှင့် ဘိုးဘွားရိပ်သာများထိခိုက်ပျက်စီးခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

ဗီဒီယိုများ