ကိုဗစ်ကြောင့်စိုးရိမ်နေကြချိန် ရသေ့တောင်မြို့နယ်တွင် လက်နက်ကြီးကျ၍ ဒေသခံငါးဦးဒဏ်ရာရ

ရခိုင်ပြည်နယ်အတွင်းတွင် ကူးစက်မြန်သည့် covid-19 ရောဂါကြောင့် စိုးရိမ်မှုများရှိနေကြချိန်တွင် ရသေ့တောင်မြို့နယ်အတွင်း၌ လက်နက်ကြီးကျရောက်မှုကြောင့် လူငါးဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

By နှင်းနွယ် 23 Aug 2020

Photo - facebook

နှင်းနွယ် | DMG
သြဂုတ် ၂၃ ၊ ရသေ့တောင်

ရခိုင်ပြည်နယ်အတွင်းတွင် ကူးစက်မြန်သည့် covid-19 ရောဂါကြောင့် စိုးရိမ်မှုများရှိနေကြချိန်တွင် ရသေ့တောင်မြို့နယ်အတွင်း၌ လက်နက်ကြီးကျရောက်မှုကြောင့် လူငါးဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စုရှိ ကျောက်ရံသာစည်ကျေးရွာအတွင်းတွင် (သြဂုတ်လ ၂၂ ရက်) ည ၇ နာရီအချိန်၌ လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန့်ညွန့်ရွှေက ပြောသည်။

ဒဏ်ရာရရှိသူများထဲတွင် အသက် ၁၆ နှစ်အရွယ် မလုံးပေါက်ပေါက်၊ အသက် ၄၀ ဝန်းကျင်အရွယ်များ ဖြစ်ကြသည့် ဦးထွန်းတင်၊ ဦးကျော်အေး၊ ဒေါ်အေးသန်းနုနှင့် ၎င်း၏သမီးဖြစ်သူ အသက်တစ်နှစ်ခွဲအရွယ် မခင်မြတ်မြတ်တို့ ဖြစ်ကြသည်။

တပ်မတော်သားများသည် ယမန်နေ့ညနေ ၇ နာရီအချိန်ခန့်တွင် ရသေ့တောင်မြို့နယ်၊ မညင်းတောင်ကျေးရွာ ဘက်မှနေ၍ ကျောက်ရံသာစည်ကျေးရွာဘက်သို့ လက်နက်ကြီးများအဆက်မပြတ်ပစ်ခတ်စဉ် ရွာအတွင်းသို့ လက်နက်ကြီးများ ကျရောက်လာခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းညွန့်ရွှေ့က ပြောသည်။

“လက်နက်ကြီးကနှစ်လုံးကျတာ။ ပထမတစ်လုံးက အိမ်ပေါ်ကိုလာကျပြီးတော့ အိမ်မှာရှိတဲ့သူတွေကို သွားထိတယ်။ နောက်တစ်လုံးကတော့ အိမ်နားမှာကျကွဲပြီးတော့ အနားမှာရှိတဲ့သူတွေကို ကျည်စသွားထိတာ။ လက်နက်ကြီးတွေက ကျေးရွာရှိတဲ့ဖက်ကိုပဲအဆက်မပြတ်ပစ်တယ်။ နားတွေမခံနိုင်လောက်ထိပစ်တယ်” ဟု ၎င်းကဆိုသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မလုံးပေါက်ပေါက်တွင် ဝမ်းဗိုက်ကျည်စထိမှန်ဒဏ်ရာ၊ ဦးထွန်းတင်တွင် နဖူး၌ကျည်စထိမှန်ဒဏ်ရာ၊ ဦးကျော်အေးတွင် ခြေထောက်နှင့်လက်တို့၌ ကျည်စထိမှန် ဒဏ်ရာများ ရရှိသွားခဲ့သည်။

ထို့ပြင် အသက်တစ်နှစ်ခွဲအရွယ် မခင်မြတ်မြတ်တွင် နားထင်၌ကျည်စထိမှန်သွားပြီး မိခင်ဖြစ်သူ ဒေါ်အေးသန်းနုမှာလည်း နားထင်၌ဒဏ်ရာရရှိကာ သတိလစ်သွားခဲ့ကြောင်း ဒေသခံများကပြောသည်။

ဒဏ်ရာရရှိသူများထဲမှ ဒဏ်ရာပြင်းထန်စွာရရှိသွားသည့် ဒေါ်အေးသန်းနုအား ရသေ့တောင်မြို့ပေါ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီတို့ကို DMG က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့်ကြာမြင့်လာပြီ ဖြစ်ပြီး အရပ်သားထိခိုက်သေဆုံးမှုမှာလည်း ပိုမိုများပြားလာနေသည်။

covid-19 ရောဂါကြောင့် ရခိုင်ပြည်နယ်အတွင်းနေထိုင်သူများ စိုးရိမ်မှုများရှိနေချိန်တွင် ယခုကဲ့သို့ လက်နက်ကြီးများနှင့်ပစ်ခတ်မှု မပြုလုပ်သင့်ကြောင်းနှင့် စစ်ပွဲများကိုလျှော့ချသင့်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကပြောသည်။

“အခုလိုတိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးနဲ့ပစ်တာက လူတွေကိုပိုပြီးတော့ထိခိုက်စေတယ်။ အခုဆိုရင် ကိုဗစ်ကြောင့် လူတွေအခက်အခဲတွေ၊ အငတ်ဘေးတွေနဲ့ကြုံတွေ့နေရတဲ့အထဲ အခုလို တိုက်ပွဲဒဏ်ပါ ထပ်တိုးလာရင် ပိုပြီးတော့အခက်အခဲဒုက္ခတွေဖြစ်စေတယ်”ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၁၆ ရက်နေ့မှ သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီအချိန်ထိ covid-19 ပိုးတွေ့ လူနာစုစုပေါင်း ၅၃ ဦးအထိရှိလာပြီဖြစ်ကာ ထိုအထဲတွင် စစ်တွေ၊ မြောက်ဦးနှင့် သံတွဲမြို့နယ်တို့မှ ပါဝင်သည်။

ယခင်ပိုးတွေ့ရှိခဲ့ပြီး ရောဂါကင်းစင်၍ဆေးရုံမှဆင်းသွားသူ ၁၆ ဦးရှိသဖြင့် ရခိုင်ပြည်နယ်တွင် covid-19 ပိုးတွေ့ ရှိသူစုစုပေါင်းမှာ ၆၉ ဦးရှိနေပြီဖြစ်သည်။

ဗီဒီယိုများ