စစ်တွေမြို့နယ်တွင် အစားထိုးထည့်ခိုင်းသည့် မဲမသမာမှုတစ်ခု ဖြစ်ပွားဟုဆို

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကြွီတဲကျေးရွာအုပ်စုရှိ မဲရုံအမှတ်(၁)တွင် မဲဆန္ဒရှင်များကိုယ်စား မဲထည့်ရန် ကြိုးစားသည့် မဲမသမာမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု လွှတ်တော်ကိုယ်စားလှယ်လောင်းများထံမှ သိရသည်။

By နှင်းနွယ် 08 Nov 2020

စစ်တွေမြို့နယ်အတွင်းက မဲရုံတစ်ခုတွင် လာရောက်မဲပေးနေသူများအား တွေ့ရစဉ်။

နှင်းနွယ် | DMG
နိုဝင်ဘာ ၈ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကြွီတဲကျေးရွာအုပ်စုရှိ မဲရုံအမှတ်(၁)တွင် မဲဆန္ဒရှင်များကိုယ်စား မဲထည့်ရန် ကြိုးစားသည့် မဲမသမာမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု လွှတ်တော်ကိုယ်စားလှယ်လောင်းများထံမှ သိရသည်။

အဆိုပါ ကျေးရွာအုပ်စုတွင် မဲပေးရန် မရောက်လာသူများ၏ မဲဆန္ဒရှင်သက်သေခံကတ်ပြားများကို မဲရုံပြင်ပရှိ လူများဖြင့်အစားထိုးကာ မဲပေးရန်ကြိုးစားနေသည်ကို တွေ့ရှိခဲ့ရကြောင်း စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)တွင် တစ်သီးပုဂ္ဂလအနေဖြင့်ဝင်ရောက်ယှဉ်ပြိုင်နေသူ ဦးနိုင်စိုးက DMG သို့ ပြောသည်။

“မဲရုံထဲကိုတော့ မရောက်ဘူး။ မဲရုံပြင်ပမှာ ဖြစ်သွားတဲ့ပြသာနာပါ။ ရွေးကောက်ပွဲ ရပ်/ကျေးကော်မရှင်ကနေ မဲလာမပေးတဲ့လူတွေရဲ့ကတ်ပြားမှာ မဲစာရင်းမှာ နာမည်မပါတဲ့သူတွေကို အစားထိုးပြီး မဲပေးဖို့ကြိုးစားနေတာ။ မဲရုံနားမှာ ကျနော်တို့အမာခံလူတွေရှိတယ်။ အဲဒါကို သူတို့က ကျနော်တို့လူတွေမှန်းမသိဘဲ မဲအစားထိုးလာပေးခိုင်းတဲ့အတွက် သိရတာပါ။ မဲတော့မပေးလိုက်ရပါဘူး” ဟု ၎င်းက ပြောသည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲပေးမည့်လူများအား မှတ်ပုံတင်များနှင့် မဲပေးခွင့်ကတ်ပြားများကို ပူးတွဲတင်ပြခိုင်းပြီးမှ မဲပေးရန် ခွင့်ပြုခြင်းမဟုတ်ဘဲ မဲဆန္ဒရှင်သက်သေခံကတ်ပြား တစ်ခုတည်းကိုသာ ထုတ်ပေးထားသောကြောင့် ယခုကဲ့သို့ မဲသမာမှုများ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

“ရွေးကောက်ပွဲကော်မရှင်ရဲ့အားနည်းချက်က ကတ်တစ်ခုပဲ ထုတ်ပေးထားတယ်။ မှတ်ပုံတင်ကျတော့ မပါဘူး။ အမှန်တကယ်ဆိုရင် ကတ်ပြားကိုရော၊ မှတ်ပုံတင်ကိုရော ပြပြီးတော့မှ မဲထည့်ခွင့်ပေးသင့်တာ။ အခုတော့ ကတ်တစ်ခုတည်း ထုတ်ပေးထားတဲ့အတွက် မဲမသမာမှုတွေ အများကြီးဖြစ်နေတယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်” ဟု ဦးနိုင်စိုးက ဆိုသည်။

လက်ရှိတွင် ၎င်းမဲမသမာမှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံသို့ တိုင်ကြား ထားကြောင်းလည်း ၎င်းထံမှသိရသည်။

သို့သော် ကြွီတဲကျေးရွာအုပ်စုရှိ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ) ဥက္ကဌ ဦးမောင်စောဖြူက ယင်းကျေးရွာဖက်တွင် မဲအစားထိုးခိုင်းသည့် ဖြစ်စဉ်များမရှိခဲ့သလို တခြားပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားမှု များလည်း မရှိကြောင်း DMG သို့ ပြောဆိုသည်။

ကြွီတဲကျေးရွာအုပ်စုမှ ကြွီတဲကျေးရွာ၊ ကျောက်တန်းကြီးကျေးရွာနှင့် ပိုက်ဆိပ်ကြီးကျေးရွာတို့တွင် မဲရုံစုစုပေါင်း (၃)ရုံရှိပြီး မဲဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း(၂၇၅၇)ဦးရှိသည်။

စစ်တွေမြို့နယ်အတွင်း၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USPD)၊ ရခိုင်အမျိုးသားပါတီ(ANP)၊ ရခိုင့် ဦးဆောင်ပါတီ(AFP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)တို့မှ ကိုယ်စားလှယ်လောင်း ၁၆ ဦးနှင့် တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်းတစ်ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

ဗီဒီယိုများ