တရားလိုမရောက်၍ ကျောက်ဆိပ်နှင့် လက္ကာကျေးရွာသားများ၏ အမှုများကို ရုံးချိန်းထပ်မံရွှေ့ဆိုင်း

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများနှင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ်ကျေးရွာသား ၅ ဦးနှင့် မြောက်ဦးမြို့နယ်မှ လက္ကာကျေးရွာသား ၂၂ ဦးတို့ကို ယနေ့(ဧပြီလ ၉ ရက်)နေ့ စစ်တွေခရိုင်တရားရုံး၌ရုံးထုတ်ခဲ့သော်လည်း တရားလိုမရောက်ရှိ၍ ဧပြီလ ၂၃ ရက်နေ့သို့ ရုံးချိန်း ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

10 Apr 2021

DMG ၊ ဧပြီ ၁၀

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများနှင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ်ကျေးရွာသား ၅ ဦးနှင့် မြောက်ဦးမြို့နယ်မှ လက္ကာကျေးရွာသား ၂၂ ဦးတို့ကို ယနေ့(ဧပြီလ ၉ ရက်)နေ့ စစ်တွေခရိုင်တရားရုံး၌ရုံးထုတ်ခဲ့သော်လည်း တရားလိုမရောက်ရှိ၍ ဧပြီလ ၂၃ ရက်နေ့သို့ ရုံးချိန်း ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ကျောက်ဆိပ်ကျေးရွာသား ၅ ဦးမှာ ကိုညီညီအောင် (၂၄)နှစ်၊ ကိုအောင်မျိုးလင်း (၂၄)နှစ်၊ ကိုမောင်ချေ (၂၄)နှစ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှ ကိုမင်းစိုး (၃၈)နှစ်နှင့် မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း (၂၂) နှစ်တို့မှာ အေအေနှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလအတွင်းက ဖမ်းဆီးခံရသည်။

၎င်းတို့ ၅ ဦးအား ပုဏ္ဏားကျွန်းမြို့အခြေစိုက်(၅၅၀)တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(က)တို့ဖြင့် တရားစွဲဆိုခဲ့သဖြင့် တရားရင်ဆိုင် နေရသည်မှာ ၁ နှစ်ခန့် ကြာမြင့်နေပြီဖြစ်သည်။

အမှုတွင် တရားလိုသက်သေ ၉ ဦးရှိသည့်အနက် ၈ ဦးကို စစ်ဆေးပြီးဖြစ်ကာ ကျန်သက်သေတစ်ဦးမှာ စစ်တွေခရိုင်တရားရုံးသို့ လာရောက်နိုင်ခြင်းမရှိသဖြင့် ကော်မရှင်နာဖြင့်စစ်ဆေးရန်တင်ပြထားကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်ကပြောသည်။

“ကော်မရှင်နာနဲ့စစ်ဖို့အတွက် ဒီကမေးမယ့်မေးခွန်းတွေကို သက်ဆိုင်ရာတရားရုံးကိုပို့ပေးထားတယ်။ သက်ဆိုင်ရာတရားရုံးက ကော်မရှင်နာစစ်ပြီးလို့ ပြန်ပို့ပြီးတဲ့အခါ စစ်တွေတရားရုံးကိုရောက်တဲ့အခါမှာ အမှုကို ဆက်လက်ဆောင်ရွက်သွားမယ်” ဟု ဦးကျော်ညွှန့်မောင်က ဆိုသည်။

အလားတူ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ တို့ဖြင့် တရားစွဲဆိုခံထား ရသည့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၂ ဦးမှာလည်း တရားရင်ဆိုင်နေရသည်မှာ ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။

ယင်းအမှုတွင် တရားလိုသက်သေ ၄၇ ဦးရှိသည့်အနက် ၁၀ ဦးကို စစ်ဆေးပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။ ယနေ့ရုံးချိန်းတွင် သက်သေများကိုစစ်ဆေးရန်ရှိသော်လည်း သက်သေများမရောက်ရှိသဖြင့် ဧပြီလ ၂၃ ရက် နေ့ကို ရုံးချိန်းရွှေ့ဆိုင်းလိုက်ကြောင်း ရှေ့နေများထံမှသိရသည်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ နိုင်ငံတော်အာဏာကိုသိမ်းယူမှုဖြစ်ပေါ်ခဲ့ပြီးနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ မြန်မာနိုင်ငံအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပြန်လည်ရုပ်သိမ်းကြောင်း မတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကြောင့် အေအေနှင့်ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့် တရားစွဲဆိုခံထားရသူများလည်း ပြန်လည်လွတ်မြောက်လာနိုင်သည်ဟု မိသားစုဝင်များက မျှော်လင့် ခဲ့ကြသည်။

သို့သော် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲဆိုခံထားရသူများမှာ ဥပဒေအရ ဆက်လက်တရား ရင်ဆိုင်ရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဧပြီလ ၁ ရက်နေ့က ပြောဆိုထားသည်။

လက်ရှိမှာ အကြမ်းဖက်မှုနှင့် တရားစွဲဆိုခံထားရသူများ၏ အမှုများကို ဆက်လက်ရုံးထုတ်လျက်ရှိသော်လည်း တစ်စုံတစ်ရာစစ်ဆေးဆောင်ရွက်ခြင်းမရှိဘဲ အချိန်တာရှည်လာသဖြင့် ဖမ်းဆီးခံထားရသူများနှင့် မိသားစု ဝင်များအတွက်နစ်နာမှုရှိကြောင်း ပြောဆိုကြသည်။

လက္ကာကျေးရွာမှ ဖမ်းဆီးခံထားရသည့် ကိုဦးလှမောင် (၂၄)နှစ်၏ မိခင် ဒေါ်စံသာနုက “အရင်ကဆိုရင် ကိုယ့်မှာ နည်းနည်းရှိတဲ့ ရွှေ၊ငွေတွေကိုရောင်းပြီး ရုံးချိန်းတွေကိုလာနိုင်တယ်ပေါ့။ အခုအဲဒါတွေလည်း မရှိတော့ဘူး၊ ကုန်ပြီ။ သူများတွေဆီကချေးငှားထားတဲ့ငွေတွေ အကြွေးတင်နေပြီ။ အခုဆိုရင် ရုံးချိန်းတောင် မလာနိုင်တော့ဘူး။ ကျွန်မသားလေးတို့ မြန်မြန်လွတ်စေချင်တယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် (၂)နှစ်တာကာလအတွင်း အေအေနှင့် ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများနှင့် တရားစွဲဆို ခံထားရသူ ၂၀၀ ကျော်အထိရှိကြောင်း သဇင်ဥပဒေအအထောက်အကူပြုအဖွဲ့၏ စာရင်းအရသိရသည်။

ဗီဒီယိုများ