အကျဉ်းထောင်တွင် နှစ်နှစ်ကျော်ချုပ်နှောင်ခံထားရသည့် ကျောက်ဆိပ်ရွာသားငါးဦး ထောင်သုံးနှစ်စီချမှတ်ခံရ

မြန်မာစစ်တပ်က ရေယာဉ်ပေါ်တွင် ရိုက်နှက်ကန်ကျောက်ခဲ့သော ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ဒေသခံ ငါးဦးတို့ကို ယနေ့(ဇူလိုင်လ ၆ ရက်)၊ နေ့လယ်ပိုင်းတွင် စစ်တွေခရိုင်တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ်စီချမှတ်လိုက်ကြောင်း သိရသည်။  

06 Jul 2022

ကျောက်ဆိပ်ကျေးရွာသားများကို ရေယာဉ်ပေါ်တွင် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက ရိုက်နှက်နေစဉ်။

DMG ၊ ဇူလိုင် ၆

မြန်မာစစ်တပ်က ရေယာဉ်ပေါ်တွင် ရိုက်နှက်ကန်ကျောက်ခဲ့သော ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ဒေသခံ ငါးဦးတို့ကို ယနေ့(ဇူလိုင်လ ၆ ရက်)၊ နေ့လယ်ပိုင်းတွင် စစ်တွေခရိုင်တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ်စီချမှတ်လိုက်ကြောင်း သိရသည်။  

၎င်းတို့ကို ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟု သံသယဖြင့် ဖမ်းဆီးခဲ့ပြီး ပုဏ္ဏားကျွန်းမြို့အခြေစိုက် (၅၅၀)တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) ၊၅၂(က)ဖြင့် တရားစွဲဆိုခဲ့သည်။ သို့သော် ၅၀(က)ဖြင့် ငြိစွန်းမှုမရှိဟုတရားရုံးက ဆုံးဖြတ်ခဲ့ကာ ၅၂(က) ဖြင့် ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

“အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်ချတယ်။ အကြမ်းဖက်အဖွဲ့မှာပါဝင်တဲ့သူတွေကို လွတ်မြောက်ရာ၊ လွတ် မြောက်ကြောင်းအတွက် အကာအကွယ်ပေးတယ်ဆိုပြီးတော့ အဓိပ္ပာယ်ရတယ်။ အဲဒါတွေကိုလုပ်တဲ့အတွက် အကြမ်းဖက်ပုဒ်မ ၅၂(က)အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃နှစ် ချလိုက်တာ။ ချုပ်ထားတာက ၂နှစ်နဲ့ ၂လခွဲရှိတယ်။ အခုချမှတ်လိုက်တာ ၃နှစ်၊ အဲဒီထဲက ၂နှစ်နဲ့ ၂လခွဲ နုတ်ရမယ်။ ကျန်တာက အချုပ်ထဲမှာ ဆက်ပြီးနေရမယ်ပေါ့” ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က DMG သို့ပြောသည်။

ထောင်ဒဏ်ချမှတ်ခံရသူများမှာ ကိုညီညီအောင်(၂၄)နှစ်၊ ကိုအောင်မျိုးလင်း (၂၄)နှစ်၊ ကိုမောင်ချေ (၂၄) နှစ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှ ကိုမင်းစိုး(၃၈)နှစ် နှင့် မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း (၂၂) နှစ်တို့ဖြစ်ကြသည်။ ၎င်းတို့(၅)ဦးကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က ကျောက်ဆိပ်ကျေးရွာအတွင်း ဝင်ရောက်လာသည့် မြန်မာစစ်တပ်မှဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ဖမ်းဆီးခံရစဉ် စစ်ရေယာဉ်ပေါ်တွင် မျက်နှာကို အဝတ်စည်းကာ လက်များကိုကြိုးတုပ်ပြီး မြန်မာစစ်သား များက ရိုက်နှက်ခဲ့သည်။ ကနဦးတွင် မြန်မာစစ်တပ်က ငြင်းဆန်ခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါဖြစ်ရပ်ကို ဝန်ခံခဲ့ကာ အပြစ်ကျူးလွန်သည့် စစ်သားများကို စစ်စည်းကမ်းဥပဒေနှင့်အညီ စစ်ဆေးအရေးယူမည်ဟု ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် စစ်သားများ အရေးယူခံရခြင်း ရှိ၊မရှိ မသိရပါ။

အဆိုပါ ငါးဦးမှာ ဖမ်းဆီးခံရစဉ် နှိပ်စက်မှုဒဏ်လည်းခံစားခဲ့ရကာ ယခုလည်း အပြစ်ရှိသည်ဟု ထောင်ဒဏ်ချ မှတ်လိုက်ခြင်းမှာ တရားမျှတမှုမရှိဟု မြင်မိကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ ဝေဟင်အောင်က ပြောသည်။

“တရားမျှတမူမရှိဘူးလို့မြင်ပါတယ်။ ဒါဟာ တော်တော်လည်း စိတ်မကောင်းဖြစ်ရပါတယ်။ ဒီလူတွေဟာ ထောင် ထဲမှာနေတာလည်း နှစ်နှစ်ကျော်လောက်ရှိပြီ။ တကယ်လည်း ဒီလူတွေဟာ အရပ်သားတွေဖြစ်တယ်။ ဒီလူတွေ ဟာ တကယ်လည်း နှိပ်စက်ခံခဲ့ရတယ်။ အဲဒါကို ထပ်ပြီးတော့ အမိန့်ချမှတ်လိုက်တယ်ဆိုတော့ တော်တော်လည်း စိတ်မကောင်းလည်းဖြစ်ရတယ်။ တရားမျှတမူမရှိဘူးဆိုတာကိုလည်း ကွက်ကွက်ကွင်းကွင်းမြင်နေရတယ်”ဟု ၎င်းက ဆိုသည်။

တရားရုံးက ယခုကဲ့သို့ အပြစ်ရှိကြောင်း အမိန့်ချမှတ်လိုက်သော်လည်း ၎င်းတို့မှာ အပြစ်မရှိဟု မိသားစုဝင်များက ယုံကြည်ထားကြသည်။ အပြစ်မရှိဘဲ ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်လိုက်အမှုအပေါ်  နားမလည်နိုင်ကြောင်း မိသားစုဝင်များက ပြောကြသည်။

“ဦးလေးတို့သားတွေမှာတော့ ဘာမှတော့ အပြစ်မရှိဘူး။သူတို့က ဘယ်လိုဆုံးဖြတ်ပြီးချလည်း မသိဘူး။  သူတို့အနားလည်း မကပ်ရ၊ သူတို့ပြောတာလည်း နားထောင်ဖို့မရလိုက်ဘူး။ သားတို့(တရားရုံး)ရောက်လာရင် တွေ့တယ်၊ ဖက်တယ် ကျန်းမာလား မေးတယ်။ စကားအရှည်ကြီး ပြောလို့မရဘူး” ထောင်ဒဏ်ချမှတ်ခံရသူ ကိုမင်းစိုး၏ မိသားစုဝင် ဦးကျော်ကြီးက ပြောသည်။

ထောင်ဒဏ်ချမှတ်ခံရသူ ကိုမောင်ချေ၏ မိခင် ဒေါ်မခင်နုက “တရားရုံးကတော့ ထောင်ဒဏ် ၃ နှစ်ချမယ်လို့တော့ ပြောတယ်။ အမေနဲ့ အဖေကို လုပ်ကျွေးနေတာကနေ ဘာတစ်ခုမှ အပြစ်မရှိပဲ ဝင်ဖမ်းသွားတာ။ ဘယ်လိုပြောရမလဲ မခံစားနိုင်ဘူးလေ။ သားလွတ်မယ်ဆိုရင် ပျော်တယ်ပေါ့။ ခဏလေးပေါ့။ ၃နှစ်ဆို ရင်လွတ်လာတော့မယ်လေ။ ကျမသားမှာ ဘာမှ အပြစ်မရှိဘူး။ ဘာကြောင့် ချလိုက်တယ်ဆိုလည်း တရားရုံးက ဘာမှမပြောဘူး။ ဒီအတိုင်းချလိုက်တယ်”ဟု ဆိုသည်။

ရက္ခိုင့်တပ်တော်(AA)ကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က အကြမ်းဖက်အဖွဲ့အစည်းအုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေငြာခဲ့သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင်  အကြမ်းဖက်အုပ်စုမှ ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။

ယင်းနောက် ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သည်ဟု ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပေဒဖြင့် တရားစွဲဆိုခံထားရသော တစ်ချို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည်။ သို့ရာတွင် လူသိထင်ရှားသော ကျောက်ဆိပ်အမှုကို ရုပ်သိမ်းခြင်းမရှိခဲ့သည့်အပြင် အကြမ်းဖက်ဥပဒေနှင့် ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

ဗီဒီယိုများ