ကျောက်ဖြူတွင် ဒေသခံ ၂ ဦးကို မြန်မာစစ်တပ်က ထပ်မံဖမ်းဆီး

ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်မှ ဒေသခံနှစ်ဦးကို ယမန်နေ့(စက်တင်ဘာလ ၂၅ ရက်)တွင် မြန်မာစစ်တပ်မှ လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

26 Sep 2022

ကျောက်ဖြူမြို့တွင် ဖမ်းဆီးခံရသူနှစ်ဦးအနက် ကိုစိုးမိုးသူကို တွေ့ရစဉ်။ ဓာတ်ပုံ- ပေးပို့

DMG ၊ စက်တင်ဘာ ၂၆

ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်မှ ဒေသခံနှစ်ဦးကို ယမန်နေ့(စက်တင်ဘာလ ၂၅ ရက်)တွင် မြန်မာစစ်တပ်မှ လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ ကိုခင်ဝင်းမောင်နှင့် ကိုစိုးမိုးသူတို့ဖြစ်ပြီး ၎င်းတို့ကို ကျောက်ဖြူမြို့အခြေစိုက် ခလရ ၃၄ တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရပ်ကွက်နေ ဒေသခံတစ်ဦးကပြောသည်။

"ကိုခင်ဝင်းမောင်ကိုတော့ နေ့လယ် ၁ နာရီထိုးလောက်မှာ သူရဲ့ နေအိမ်မှာ လာဖမ်းသွားတယ်။ ကိုစိုးမိုးသူကိုတော့ ညနေ ၅ နာရီကျော်လောက်မှာ လာဖမ်းသွားတယ်။ သူတို့ကိုလာဖမ်းတဲ့အခါ စစ်သားအင်အား ၃၀ လောက်ပါတယ်"ဟု သူကဆိုသည်။

ဖမ်းဆီးခံရသူ(၂) ဦးမှာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများဖြစ်ကြပြီး လက်ရှိခလရ(၃၄)တပ်တွင် ထိန်းသိမ်းထားကြောင်း ကိုစိုးမိုးသူနှင့် နီးစပ်သူတစ်ဦးကဆိုသည်။ သို့သော် ၎င်းတို့ကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကို မသိရှိရသေးပေ။

"သူတို့(၂)ယောက်ကိုတော့ ခလရ(၃၄)တပ်မှာ ထားတယ်ဆိုလို့ သူ့မိန်းမက မနက်ပိုင်းမှာ စားစရာသောက်စရာတွေ သွားပို့ခဲ့တယ်။ တွေ့ခွင့်တော့ မရခဲ့ဘူးလို့သိရတယ်။ စစ်ဆေးစရာရှိလို့ဆိုပြီး ခေါ်ထားတာဖြစ်တယ်လို့ သူတို့ကပြောတယ်တဲ့"ဟု ၎င်းကဆိုသည်။

စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျောက်ဖြူမြို့ အစိုးရရပ်ကွက်မှ ဦးရန်ုနိုင်မင်း၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကုလဘာတောင်ရပ်ကွက်မှ ဦးတင်ရွှေနှင့် မောင်စိုးလင်းအောင်တို့ကိုလည်း မြန်မာစစ်တပ်မှ ဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်ထိ ပြန်လွတ်လာခြင်းမရှိသေးကြောင်း ဒေသခံများကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် တိုက်ပွဲတကျော့ပြန်ဖြစ်ပွားလာပြီးနောက် မြန်မာစစ်တပ်က ရခိုင်အရပ်သားများကို သံသယဖြင့်ဖမ်းဆီးမှု မြင့်တက်လာနေသည်။

ဗီဒီယိုများ