AA က ဖမ်းဆီးခေါ်ဆောင်သွားသူ ၅ ဦး ပြန်လွတ်လာ

AA ကဖမ်းဆီးခေါ်ဆောင်သွားသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ခဘော်ကျေးရွာနှင့် မာလာ(မြို) ကျေးရွာတို့မှ ရာအိမ်မှူးတာဝန် ထမ်းဆောင်သူများ အပါအဝင် လူ ၅ ဦး ပြန်လွတ်လာပြီဖြစ်ကြောင်း သိရသည်။

By ဝင်းညွန့် 20 May 2020

ဝင်းညွန့် | DMG
မေ ၂၀ ၊ စစ်တွေ  

AA ကဖမ်းဆီးခေါ်ဆောင်သွားသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ခဘော်ကျေးရွာနှင့် မာလာ(မြို) ကျေးရွာတို့မှ ရာအိမ်မှူးတာဝန် ထမ်းဆောင်သူများ အပါအဝင် လူ ၅ ဦး ပြန်လွတ်လာပြီဖြစ်ကြောင်း သိရသည်။

၎င်းတို့ ၅ ဦးမှာ မေလ ၁၉ ရက်နေ့ နံနက်ပိုင်းက ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း လွတ်မြောက် လာသူတစ်ဦးဖြစ်သည့် ဦးပန်းသာက DMG သို့ ပြောသည်။

“ဖမ်းတာကတော့ ဘယ်သူတွေဆိုတာ ကျွန်တော်တို့အတိအကျမသိဘူး။ ကျွန်တော်တို့ကို မျက်နှာဖုံးစွပ်ပြီးတော့ ဖမ်းသွားတာ။ ဘယ်နေရာကို ဖမ်းသွားတယ်ဆိုတာ ကျွန်တော်မသိဘူး။ မနေ့က ၁၁ နာရီလောက်မှာ မြို့အပြင်ဘက်က ပြန်လွှတ်ပေးတယ်”ဟု ၎င်းကပြောသည်။

ခဘော်ကျေးရွာနှင့် မာလာ(မြို)ကျေးရွာမှ ရာအိမ်မှူးတာဝန် ထမ်းဆောင်သူများအပါအဝင် ၅ ဦးကို AA က မေလ ၁၈ ရက် နေ့လယ်ပိုင်းတွင် အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း တပ်မတော်က မေလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ခဘော်ကျေးရွာနှင့် မာလာကျေးရွာတို့မှ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၄ ဦးတို့သည် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ထောက်ပံ့ပစ္စည်းကို ကျောက်တော်မြို့မှ ယူဆောင်ရန်နှင့် လိုအပ်သောပစ္စည်းများ ဝယ်ယူရန်အတွက် မေလ ၁၈ ရက်နေ့တွင် ၎င်းတို့ကျေးရွာမှ ကျောက်တော်မြို့သို့ ထွက်ခွာလာခဲ့ကြောင်း တပ်မတော်ကဆိုသည်။

ယင်းသို့လာရောက်ပြီး ကျောက်တော်မြို့မဈေးတွင် ဖြန့်ခွဲပြီး ဈေးဝယ်ယူလျက်ရှိစဉ် နေ့လယ် ၁၂ နာရီခန့်တွင် ဦးပန်းသာနှင့် ဦးမောင်သာဝင်း ၂ ဦးတို့ကို ကစ္ဆပသီရိလမ်းနေရာ၌လည်းကောင်း၊ နေ့လယ် ၁၂ နာရီခွဲခန့်တွင် ဦးမောင်ဟန်သိန်း၊ ဦးဝေသာအောင်နှင့် ဦးအောင်စောတို့ကို ဈေး၏မြောက်ဘက်၊ မင်းစောမွန်လမ်းရှိ ဆေးဆိုင် အနီး၌လည်းကောင်း AA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ ဖမ်းဆီးခေါ်ဆောင်ခံရစဉ်တွင် တပ်မတော်ကို ရိက္ခာပို့သလားဟု AA မှ မေးမြန်းမှုများရှိခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသူ ဦးပန်းသာက ပြောသည်။

“ကျွန်တော်တို့ကို မေးတာကတော့ စစ်တပ်ကို ရိက္ခာပို့နေလာလို့မေးတယ်။ ကျွန်တော်တို့က မဟုတ်ပါဘူး၊ သူတို့ ဈေးဝယ်ခိုင်းလို့ ကျွန်တော်တို့ဝယ်ပေးတာရပါလို့ ပြောလိုက်တယ်။ ကျွန်တော်တို့ကို လမ်းကြုံလို့ ဝယ်ခိုင်းတာပါလို့ ပြောလိုက်တယ်”ဟု ၎င်းကဆိုသည်။

လက်ရှိမှာ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် ခဘော်ကျေးရွာမှ ရာအိမ်မှူး ဦးပန်းသာ၊ ဦးဝေသာအောင်နှင့် မာလာ(မြို)ကျေးရွာမှ ရာအိမ်မှူး ဦးမောင်ဟန်သိန်း၊ ဦးအောင်စောနှင့် ဦးမောင်သာဝင်းတို့ ၅ ဦး ပြန်လွတ် လာပြီး ကျေးရွာသို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဗီဒီယိုများ