ကျောက်တော်မြို့နယ် ပစ်ခတ်မှုဖြစ်ပွားစဉ်အတွင်း ဈေးဆိုင်များမှ ပစ္စည်းများပျောက်ဆုံးသွားမှု တပ်မတော်လက်ချက်ဟုဆို၊ တပ်မတော်မှ မယူကြောင်းငြင်း

အဆိုပါပစ္စည်းများကို တပ်မတော်စစ်ကြောင်းမှ ကျေးရွာအတွင်းဝင်ရောက်ကာ ဆိုင်ခန်းများကိုမွှေနှောက်ပြီး ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဆိုင်ခန်းပိုင်ရှင်များနှင့် ကျေးရွာသားများက ပြောဆိုကြသော်လည်း တပ်မတော်မှ ၎င်းတို့လက်ချက်မဟုတ်ဟု ငြင်းဆိုသည်။

By ဝင်းညွန့် 04 Sep 2019

ဝင်းညွန့် | DMG

စက်တင်ဘာ ၄၊ စစ်တွေ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာတွင် စက်တင်ဘာလ ၂ ရက်နေ့က ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ၎င်းပစ်ခတ်မှုဖြစ်စဉ်နောက်ပိုင်းတွင် ကျေးရွာရှိဈေးဆိုင်ခန်းများမှ ရွှေ၊ ငွေ၊ ဖုန်းနှင့် အခြားပစ္စည်းများ ပျောက်ဆုံးသွားခဲ့ကြောင်း ဆိုင်ပိုင်ရှင် ကျေးရွာသားများက ပြောသည်။

အဆိုပါပစ္စည်းများကို တပ်မတော်စစ်ကြောင်းမှ ကျေးရွာအတွင်းဝင်ရောက်ကာ ဆိုင်ခန်းများကိုမွှေနှောက်ပြီး ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဆိုင်ခန်းပိုင်ရှင်များနှင့် ကျေးရွာသားများက ပြောဆိုကြသော်လည်း တပ်မတော်မှ ၎င်းတို့လက်ချက်မဟုတ်ဟု ငြင်းဆိုသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ၎င်းပစ္စည်းများကို တပ်မတော်သားများ ယူဆောင်ခြင်းမဟုတ်ကြောင်းနှင့် AA မှ ယူသွားခြင်းသာဖြစ်ကြောင်း ပြောသည်။

“မယူဘူး၊ AA ယူသွားတာ၊ တပ်မတော်က မယူဘူး၊ AA ယူသွားတာ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

စက်တင်ဘာလ ၂ ရက်နေ့က သရက်တပင်ကျေးရွာအနီးတွင် တပ်မတော်စစ်ကြောင်းတစ်ခုကို မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းမှစတင်ကာ ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်မှ ပြောဆိုထားသည်။

ထိုပစ်ခတ်မှုတွင် တပ်မတော်စစ်ကြောင်းမှ ကျေးရွာများအတွင်းပစ်ခတ်ခဲ့မှုကြောင့် သရက်တပင်ကျေးရွာမှ ၂ ဦး၊ ရွှေတလှည်းကျေးရွာမှ ၂ ဦး၊ ကျောက်တစ်လုံးကျေးရွာမှ ၂ ဦးနှင့် ရေဘကျေးရွာမှ ၁ ဦး စုစုပေါင်း ၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။

ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ကျောက်တော်မြို့နယ်တွင် စက်တင်ဘာလ ၂ ရက် နေ့က တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းများ မရှိသကဲ့သို့ တပ်မတော်စစ်ကြောင်းအား မိုင်းခွဲခြင်းမှာလည်း AA မှလုပ်ဆောင်ခြင်းမဟုတ်ဘဲ တပ်မတော်မှ ကျေးရွာများကို တစ်ဖက်သတ် ပစ်ခတ်ခြင်းသာဖြစ်ကြောင်း ဆိုသည်။

ပစ်ခတ်မှုဖြစ်စဉ်အတွင်း ပစ္စည်းများပျောက်ဆုံးသွားခဲ့သည့် သရက်တပင်ကျေးရွာမှ ဆိုင်ပိုင်ရှင်များမှ ယနေ့ စက်တင်ဘာလ ၄ ရက်နေ့တွင် ပစ္စည်းပျောက်ဆုံးမှုများအား ကျောက်တော်မြို့နယ် ရဲစခန်းတွင် တိုင်ကြား ထားကြောင်း သိရသည်။

“ပစ္စည်းကတော့ ရွေ ၄ ကျပ်ရယ်၊ ငွေသိန်း ၄၀ ရယ်၊ ဖုန်းတစ်လုံးနဲ့ အခြားစားကုန်ပစ္စည်းတွေယူသွားပါတယ်။ စုစုပေါင်း သိန်း ၁၀၀ ကျော်လောက်ပါသွားတယ်။ ကျောက်တော်ရဲစခန်းကိုတော့ သွားတိုင်ထားပါတယ်” ဟု ပစ္စည်းပျောက်ဆုံးသွားခဲ့သည့် ဆိုင်ပိုင်ရှင် မခင်သန်းပြောသည်။

၎င်းကိစ္စနဲ့ပတ်သက်ပြီး ကျောက်တော်မြို့နယ်ရဲစခန်းသို့ DMG က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ယခုကဲ့သို့ ပစ်ခတ်မှုများဖြစ်ပွားပြီး ဒေသခံကျေးရွာသားများထွက်ပြေးတိမ်းရှောင်နေချိန်တွင် ကျန်ခဲ့သည့်ပစ္စည်းများကိုယူဆောင်သွားခြင်းသည် နိုင်ငံတစ်ခုလုံး၏ဂုဏ်သိက္ခာအရ မဖြစ်သင့်ကြောင်းပြောသည်။

“စစ်ပွဲဖြစ်ပြီးတော့ ရွာသားတွေက ကြောက်လန့်ပြီးတော့ပုန်းနေတဲ့အခါ ကျန်ခဲ့တဲ့ပစ္စည်းတွေယူသွားတာ မကြာခဏလိုလိုကြားရတယ်။ အခုလိုမျိုးတွေဟာနိုင်ငံတစ်ခုမှာ ဂုဏ်သိက္ခာတစ်ခုအနေနဲ့ လုံးဝမဖြစ်သင့်ပါဘူး။ ပြောစရာတခုလို ဖြစ်လာနိုင်တယ်” ဟု ဦးဦးထွန်းဝင်းက ဆိုသည်။

လက်ရှိမှာ ၎င်းပစ်ခတ်မှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဒေသခံ ၇ ဦးထဲမှ ၅ ဦးမှာ ကျောက်တော်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။

ဗီဒီယိုများ