ဖမ်းဆီးခံထားရသည့် ကျောက်ဂူစုကျေးရွာသားနှင့် မိသားစုတွေ့ခွင့်မရ

တပ်မတော်စစ်ကြောင်းတခုမှဖမ်းဆီးခေါ်ဆောင်သွားသည့် ကျောက်တော်မြို့နယ်၊ ကျောက်ဂူစုကျေးရွာသား တစ်ဦးမှာ စက်တင်ဘာ ၂၉ ရက်က ကျောက်တော်မြို့မရဲစခန်းသို့ရောက်ရှိလာပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

By နှင်းနွယ် 30 Sep 2020

နှင်းနွယ် | DMG
စက်တင်ဘာ ၃၀ ၊ စစ်တွေ

တပ်မတော်စစ်ကြောင်းတခုမှဖမ်းဆီးခေါ်ဆောင်သွားသည့် ကျောက်တော်မြို့နယ်၊ ကျောက်ဂူစုကျေးရွာသား တစ်ဦးမှာ စက်တင်ဘာ ၂၉ ရက်က ကျောက်တော်မြို့မရဲစခန်းသို့ရောက်ရှိလာပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“သူရောက်တယ်လို့သတင်းကြားတာနဲ့ ကျောက်တော်မြို့မှာရှိတဲ့ ကျနော့်မိသားစုတွေက သွားကြည့်တော့ ရဲစခန်းထဲကိုဝင်ခွင့်မရဘူးပြောတယ်။ ဒါကြောင့် သူနဲ့မတွေ့ခဲ့ရသေးဘူး” ဟု ဖမ်းဆီးခံထားရသူ ကိုမောင်ပိန်အောင်၏ ညီဖြစ်သူ ကိုကျော်လှက DMG သို့ပြောသည်။

တပ်မတော်စစ်ကြောင်းတစ်ခုသည် ကျောက်ဂူစုကျေးရွာအတွင်းသို့ စက်တင်ဘာလ ၂၇ ရက်နေ့က ဝင်ရောက် လာကာ ရွာသားနှစ်ဦးအားဖမ်းဆီးစစ်ဆေးခဲ့ပြီး စစ်ကြောင်းပြန်ခါနီးတွင် ၎င်းတို့ထဲမှတစ်ဦးကို ပြန်လွှတ်ပေး ခဲ့ကာ ကိုမောင်ပိန်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များကပြောသည်။

ထိုသို့ဖမ်းဆီးခံရပြီးနောက် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရဲစခန်းသု့ိရောက်ရှိလာခြင်းဖြစ်ကြောင်း မိသားစု ဝင်များကပြောဆိုကြသဖြင့် အသေးစိတ်သိရှိနိုင်ရန် ကျောက်တော်မြို့မရဲစခန်းသို့ DMG က ဆက်သွယ်ခဲ့ သော်လည်း တစ်စုံတစ်ရာဖြေကြားခြင်းမရှိခဲ့ပေ။

ဦးမောင်ပိန်အောင်၏ တယ်လီဖုန်း၌ AA နှင့်ဆက်သွယ်ထားသော အချက်အလက်များတွေ့ရှိခဲ့ကြောင်း တပ်မ‌တော်က စက်တင်ဘာ ၂၉ တွင် ထုတ်ပြန်ထားသည်။

ယင်းကြောင့် ရပ်မိရပ်ဖများနှင့်အတူ ၎င်း၏နေအိမ်နှင့်ပတ်ဝန်းကျင်အနီးတဝိုက်အားရှာဖွေခဲ့ရာ နေအိမ် အနောက်ဘက်ရှိ စပါးဂိုဒေါင်အတွင်းမှ စပါးခွံများဖြင့်ဖုံးအုပ်ထားသော အမြင့်ပေ ၅ လက်မ၊ အချင်း ၃ လက်မ ခန့်ရှိ ပလက်စတစ်ဗူးဖြင့်ပြုလုပ်ထားသော ဒေသန္တရလက်လုပ်မိုင်းတစ်လုံး (စနက်တပ်ဆင်လျက်)နှင့် ဝါးညှပ် နင်းမိုင်းတစ်ခုတု့ိအား သိမ်းဆည်းရမိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင်ရေးသားထားသည်။

သို့သော် ကိုမောင်ပိန်အောင်၏ဇနီးဖြစ်သူ မမေထွီးချေက သူ၏အမျိုးသားဖမ်းဆီးခံရပြီးနောက် တပ်မတော်သား များက နေအိမ်သို့လာရောက်ရှာဖွေခဲ့သော်လည်း မိုင်းတွေ့ရှိသည်မှာ လုပ်ကြံခံရခြင်းသာဖြစ်ကြောင်း DMG သို့ ပြောဆိုထားသည်။

“တပ်မတော်သားတစုကဝင်လာပြီးတော့ စပါးကျီကိုမွှေမယ်ဆိုပြီး သူတို့ထဲကတယောက်က တက်သွားတယ်။ ကျမတို့က အောက်မှာကျန်ခဲ့တယ်။ ပြီးတော့ မိုင်းတွေ့တယ်ဆိုပြီးလာပြတယ်။ ကျမယောကျာ်းက အိမ်က မိုင်းတွေ့တယ်ဆိုတာတောင်မသိဘူး။ တပ်မတော်သားတွေက သူတို့ရှာပြီးသူတို့တွေ့သွားတာ” ဟု မမေထွီးချေက ပြောသည်။

ကိုမောင်ပိန်အောင်မှာ ရပ်ရွာတွင် ရိုးရိုးသားသားလယ်ယာလုပ်ကိုင်နေသူဖြစ်ပြီး အမျိုးသားဖမ်းဆီးခံထား ရသည့်အတွက် မိသားစုအခက်အခဲဖြစ်နေကြောင်း ဇနီးဖြစ်သူ မမေထွီးချေကဆက်ပြောသည်။

“သူအဖမ်းခံထားရတော့ ကျန်ခဲ့တဲ့စပါးခင်းတွေ၊ ယာခင်းတွေကို ဒီအတိုင်းပစ်ထားရတယ်။ ကျမကလည်း ကလေး နှစ်ယောက်နဲ့ဘာမှလုပ်လို့မရဘူး။ အိမ်မှာလည်း သူလုပ်ကျွေးတာပဲစားနေရတာ” ဟု ၎င်းကဆက်၍ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကာလတစ်လျှောက် သံသယဖြင့်ဖမ်းဆီး ခံရသူ အများအပြားရှိနေ DMG ကကောက်ယူထားသည့်စာရင်းအရ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှ စက်တင်ဘာ လအထိ ဖမ်းဆီးခံရသူ (၄၀)ဦးအထိရှိခဲ့သည်။

ဗီဒီယိုများ