ကျောက်တော်တွင် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ပြီး ဆေးကုသမှုခံယူနေရ

“အိမ်ကြားကပစ်တယ်ဆိုရင် အိမ်ကြားကိုပြန်ပစ်မှာ၊ ဘုန်းကြီးကျောင်းကနေ ပစ်တယ်ဆိုရင် ဘုန်ကြီးကျောင်းနေရာကို ပြန်ပစ်မှာ၊ စာသင်ကျောင်းနေရာက ပစ်တယ်ဆိုလို့ရှိရင် စာသင်ကျောင်းနေရာကို ပြန်ပစ်မှာ၊ ကိုယ့်ကိုပစ်တဲ့နေရာမှန်သမျှ အကုန်ပြန်ပစ်မှာ၊ မပစ်ရင်ကိုယ်သေသွားမှာပေါ့” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

By အောင်ထိန် 28 Aug 2019

အောင်ထိန် | DMG

သြဂုတ် ၂၈ ၊ စစ်တွေ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် လက်နက်ကျည်ထိမှန်ခဲ့သည့် အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးမှာ ရွှေလိုင်ကျေးရွာမှ ဒေါ်အေးယဉ် အသက် ၄၂ နှစ်ဖြစ်ပြီး သြဂုတ်လ ၂၇ ရက်နေ့ ညနေ ၁၀ နာရီခွဲအချိန်က ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကစ္စပနဒီအရှေ့ဘက် မြစ်ကြောင်းတစ်လျှောက်တွင် တပ်မတော်မှ ရေယာဉ်ဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်စဉ် ၎င်းအမျိုးသမီးထံတွင် ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ဒဏ်ရာရရှိသူ၏ မိသားစုဝင်များမှ ပြောသည်။

“အဖေက လက်နက်ကြီးပစ်သံကြားတော့။ အဖေကပြောပါတယ်။ အောက်ကိုဆင်းကြရအောင်ပေါ့နော်။ ဝပ်နေ ကြရအောင်အဲ့လိုပြောတော့ အမေကထပြီးတော့လာတယ်။ အဲဒီအချိန်မှာ လက်နက်က နေဗီနဲ့ တောက်လျှောက်ပစ်လာတယ်။ အဲဒီမှာ မှန်ကိုဖောက်ပြီးတော့ အမေ့ရဲ့ညာဘက်ပေါင်ကို ထိသွားတာ”ဟု ဒေါ်အေးယဉ်၏ သမီးဖြစ်သူ မဇင်မာနွယ်က ပြောသည်။

ဒေါ်အေးနွယ်အား ကျောက်တော်ဆေးရုံတွင် ဓါတ်မှန်ရိုက်ခဲ့ရာ ခန္ဓာကိုယ်ထဲတွင် ကျည်ဆံရှိနေသည့်အတွက် လက်ရှိအချိန်တွင် စစ်တွေဆေးရုံသို့ ပို့ဆောင်ပြီး အတွင်းလူနာအဖြစ် ကုသမှုခံယူနေရကြောင်းသိရသည်။

ဒဏ်ရာရရှိသူ၏ မိသားစုဝင်များပြောဆိုချက်အပေါ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား မေးမြန်းရာ ကိုယ့်ကိုပစ်သည့်နေရာမှန်သမျှ ပြန်ပစ်မည်ဟုဆိုသည်။

“အိမ်ကြားကပစ်တယ်ဆိုရင် အိမ်ကြားကိုပြန်ပစ်မှာ၊ ဘုန်းကြီးကျောင်းကနေ ပစ်တယ်ဆိုရင် ဘုန်ကြီးကျောင်းနေရာကို ပြန်ပစ်မှာ၊ စာသင်ကျောင်းနေရာက ပစ်တယ်ဆိုလို့ရှိရင် စာသင်ကျောင်းနေရာကို ပြန်ပစ်မှာ၊ ကိုယ့်ကိုပစ်တဲ့နေရာမှန်သမျှ အကုန်ပြန်ပစ်မှာ၊ မပစ်ရင်ကိုယ်သေသွားမှာပေါ့” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

ကျည်ဆံထိမှန်ခဲ့သည့် ရွှေလိုင်ကျေးရွာမှ ဒေါ်အေးယဉ်၏ သမီးဖြစ်သူ မဇင်မာနွယ်မှာ တက္ကသိုလ်ကျောင်းသူ တစ်ဦးဖြစ်ပြီး သူ၏မိခင်ကဲ့သို့ အခြားအပြစ်မဲ့ ပြည်သူများကိုလည်း မထိခိုက်စေချင်ကြောင်း ပြောသည်။

“အမေကလုပ်ပေးလို့ ကျွန်မအခုလိုမျိုး ကျောင်းတက်ရောက်နေရတာ။ အမေဒီလိုဖြစ်သွားတာ ခံစားရပါတယ်။ သူတို့ဘာသာသူတို့ တိုက်ကြပေါ့နော်။ အမေမဟုတ်တဲ့ တခြားအပြစ်မဲ့ပြည်သူတွေကိုလည်း မထိခိုက် စေချင်ဘူး” ဟု မဇင်မာနွယ်က ဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့အထိ လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှု၊ မိုင်းထိမှန်မှုများကြောင့် စစ်တွေဆေးရုံသို့ ဆေးကုသမှု ခံယူရန်ရောက်ရှိလာသူ ၅၆ ဦးအထိရှိပြီး ထိုအထဲမှ ရန်ကုန်သို့ဆေးကုသမှုခံယူရန်ပို့ဆောင်ခဲ့သူ ၆ ဦးအထိ ရှိကြောင်း ကူညီရေးအဖွဲ့များ၏စာရင်းအရ သိရသည်။

 

ဗီဒီယိုများ