စစ်တွေမြို့နယ် ကျောက်တန်းယာယီကားဂိတ်တွင် ယာဉ်များရပ်နားရန် နေရာအခက်အခဲဖြစ်နေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ကျောက်တန်းယာယီကားဂိတ်တွင် ယာဉ်များရပ်နားရန် နေရာအခက်အခဲ ဖြစ်ပေါ်နေကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

By မျိုးသီရိကျော် 03 Sep 2020

Photo - Rakhine Breaking News

မျိုးသီရိကျော် | DMG
စက်တင်ဘာ ၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ကျောက်တန်းယာယီကားဂိတ်တွင် ယာဉ်များရပ်နားရန် နေရာအခက်အခဲ ဖြစ်ပေါ်နေကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

ကိုဗစ်ကာလအတွင်း စစ်တွေမြို့သို့ ပြည်မဘက်မှခရီးသည်များနှင့် ယာဉ်မောင်းများ တိုက်ရိုက်ထိတွေ့မှု မဖြစ် စေရေးအတွက် မြို့နှင့် ၈ မိုင်ခန့်ကွာဝေးသော ကျောက်တန်းဂိတ်တွင် ယာယီကားကွင်းအဖြစ် အစိုးရမှပြုလုပ် ပေးထားခြင်းဖြစ်သည်။

သို့သော်လည်း လက်ရှိတွင် ကုန်တင်ယာဉ်၊ ဆီတင်ယာဉ်များ များပြားလာသည့်အတွက် ယာဉ်ရပ်နားရန်နေရာ အခက်အခဲဖြစ်လာသည်ဟု ယာဉ်မောင်းများကဆိုသည်။

စစ်တွေမြို့၌ အခြေခံစားသောက်ကုန်များ ပြတ်လပ်မှုမရှိစေရန်အတွက် အမ်းဂိတ်မှတစ်ဆင့် ကုန်ပစ္စည်းကို သယ်ယူပြီး ကျောက်တန်းယာယီကားဂိတ်သို့ ပို့ဆောင်လျက်ရှိနေသည်။

လက်ရှိ ကျောက်တန်းယာယီကားကွင်းဧရိယာမှာ ၂ မိုင်ခန့်သာရှိပြီး ကားအရေအတွက်မှာ များနေသောကြောင့် ကုန်တင်ကုန်ချ ပြုလုပ်ရသည့်အခါ နေရာအခက်အခဲများရှိသည်ဟု ကေသီဦးကုန်စည်ပို့ဆောင်ရေးကားဂိတ်မှ တာဝန်ရှိသူ ဦးမောင်ဝင်းရွှေက ပြောသည်။

“တရက်မှာ ကားအစီး ၅၀ လောက်ဝင်ပါတယ်။ ကားကြီးတွေရပ်မယ်ဆိုရင် အနည်းဆုံး ၄ ဧက ၅ ဧက လောက် လည်းလိုတယ်ပေါ့နော်။ အခုကားရပ်ရတာက ၂ ဧကလောက်ရှိတယ်။ အဲမှာရပ်ပြီး ပစ္စည်းတွေကို Hijet ကားတွေပေါ်တင်ရတယ်။ အဲဒီမှာ ကျောက်လုံးတွေလည်းရှိတဲ့အတွက် ကားရပ်ဖို့ အခက်အခဲတော့ရှိတာပေါ့ ” ဟု ၎င်းကဆိုသည်။

ယင်းကျောက်တန်းဂိတ်မှ မြေကွက်အများစုမှာ ရေတင်နေသည့်လယ်မြေများနှင့် ကျောက်လုံးကြီးများ ရှိနေ သည့်အတွက် လမ်းမပေါ်တွင်ပစ္စည်းများချရသည်ဟု ရွှေပြည်သစ်အဆင့်မြှင့် ခရီးသည်နှင့်ကုန်စည် ပို့ဆောင်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးကပြောသည်။

“လယ်မြေဖြစ်တာကြောင့် မိုးရာသီဆိုတော့ ကားတွေက ဝင်လို့မရဘူးပေါ့။ အဲဒီရေအထဲကို ကျောက်ချပြီး လုပ်ရင်လည်း အဆင်မပြေနိုင်သေးပါဘူး။ အဓိကက မိုးရာသီလည်းဖြစ်နေတယ်ပေါ့။ အခုအချိန်မှာလုပ်ရင် ပိုက်ဆံပဲကုန်မယ်။ ဒီကာလမှာ အဓိကစားသောက်ကုန်ပစ္စည်းတွေ မပြတ်အောင်လို့ပေါ့နော် ”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ယင်းကားဂိတ်အား ကိုဗစ်ကာလအတွင်း အစိုးရဘက်မှတတ်နိုင်သလောက်လုပ်ပေးထာခြင်းဖြစ်ပြီး ကားသမားများအနေနဲ့ စည်းကမ်းတကျ ရပ်နားသင့်ကြောင်းပြောသည်။

“ဒါကတော့ ကားတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ စည်းကမ်းတကျ လုပ်ရမှာလေ။ ကားတွေကိုလည်း စည်းကမ်း တကျပေါ့။ ဒီစစ်တွေမြို့ထဲက ကားကွင်းနဲ့လည်း အတူတူလောက်ရှိပါတယ်။ ကျောက်တန်းဂိတ်နဲ့ ဒီမြို့ထဲက ဂိတ်နဲ့ဘာမှမကွာပါဘူး။ ကျွန်တော်တို့အနေနဲ့လည်း ဒီကာလမှာ တတ်နိုင်သလောက်လုပ်ပေးထားတာပဲ” ဟု ဦးဝင်းမြင့်က ဆိုသည်။

ကုန်ပစ္စည်းများကို ကျောက်တန်းဂိတ်မှ သွားရောက်ယူဆောင်နေရသည့်အတွက် လမ်းစရိတ် ၂ ဆ ကုန်ကျမှု ရှိနေကြောင်း စစ်တွေမြို့မဈေးတွင် ကုန်စုံဆိုင်ရောင်းချနေသူ ဦးမောင်လှသိန်းကပြောသည်။

“ကျနော်တို့မှာ ဒီပစ္စည်းတွေအတွက် အခကြေးငွေ (၂)ဆလောက်ပိုကုန်ပါတယ်။ ကိုဗစ်ကာလလည်းဖြစ်တဲ့ အတွက် ပစ္စည်းတွေလည်း ရောင်းလို့မစွံတာတွေရှိတယ်။ နောက်ပြီး ပို့ခတွေပိုကုန်တော့ အရှုံးပေါ်ပါတယ် ” ဟု ပြောသည်။

ဗီဒီယိုများ