ပစ်ခတ်မှုခံရမှုကြောင့် ကျောက်တော်က အရပ်သား(၉)ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းတွင် ယနေ့ မတ်လ ၁၆ ရက်နေ့၊ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ သောကြောင့် ရွာလေးရွာက အရပ်သား (၉)ဦး ဒဏ်ရာရရှိသွားသည်ဟု ကျောက်တော်မြို့နယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

By မျိုးသီရိကျော် 16 Mar 2020

အုပ်ကြွပ်ကျေးရွာမှ အသက် (၆၈)နှစ်အရွယ် ဦးမောင်ဖြူလှ ဆေးကုသမှုခံယူနေသည်ကိုတွေ့ရစဉ်။ဓာတ် ပုံ-ဦးသန်းထွန်း

မျိုးသီရိကျော် | DMG
မတ် ၁၆ ၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းတွင် ယနေ့ မတ်လ ၁၆ ရက်နေ့၊ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ သောကြောင့် ရွာလေးရွာက အရပ်သား (၉)ဦး ဒဏ်ရာရရှိသွားသည်ဟု ကျောက်တော်မြို့နယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

ရောင်စုံ(မြောက်)ကျေးရွာမှ နှစ်ဦး၊ အုပ်ကြွပ်ကျေးရွာမှ နှစ်ဦး၊ အင်ဘာရီ(မွတ်ဆလင်)ကျေးရွာမှ သုံးဦးနှင့် ပေါက်လေဝကျေးရွာမှနှစ်ဦး ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

ရောင်စုံ(မြောက်)ကျေးရွာမှ ဦးအောင်သာထွန်း (၆၃ နှစ်) မှာ ဘယ်ဖက်ပေါင်ကို ကျည်ဖောက်ဝင်သွားခြင်းဖြစ်ကာ ဦးမောင်ကြာထွန်း (၄၃ နှစ်)မှာ ခြေသလုံးကို ကျည်စထိမှန်သွားခြင်း ဖြစ်သည်။ ၎င်းတို့မှာ မိမိနေ အိမ်တွင် အိပ်နေကြစဉ် ကျည်ဆံထိမှန်သွားခြင်းဖြစ်သည်ဟု ရောင်စုံ(မြောက်)ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသာထွန်းအောင်က DMG သို့ပြောသည်။

“သူတို့မှာ တိုက်ပွဲဖြစ်တယ်ဆိုရင် အချင်းချင်းအပြန်အလှန် တိုက်ကြပါ။ လွတ်လွတ်လပ်လပ် ပစ်ကြပါ။ ကျနော်တို့ဒေသခံတွေကိုတော့ မပစ်ကြပါနဲ့။ ရွာထဲကိုလည်း မပစ်ကြပါနဲ့။ အခုလိုမျိုးသာ ပစ်ခတ်နေကြတယ်ဆိုရင် ကျနော်တို့လူမျိုးတွေ မျိုးတုံးသွားလိမ့်မယ်”ဟု ဦးသာထွန်းအောင်က ဆိုသည်။

ယင်းပြင် အုပ်ကြွပ်ကျေးရွာမှ ဦးမောင်ဖြူလှ (၆၃ နှစ်)မှာ ဝမ်းဗိုက်နှင့်ဒူးဆစ်တို့တွင် ဒဏ်ရာပြင်းစွာရရှိခဲ့ပြီး ဦးနီလှထွန်း အသက် (၆၀)နှစ်မှာ နောက်ကျောတွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ဒေသခံ ဦးသန်းဇော်က ဆိုသည်။

ဒဏ်ရာပြင်းထန်သည့် ဦးမောင်လှဖြူကို စစ်တွေဆေးရုံသို့ ပို့ဆောင်ထားပြီး ဦးနီလှထွန်းကိုမူ အပေါက်ဝ ဆေးရုံသို့ ပို့ဆောင်ထားသည်။

“လက်နက်ကိုင်နှစ်ဖက် စစ်ဖြစ်ရင်လည်းဖြစ်ကြပါ။ ဟိုးတစ်နေ့ကလိုမျိုး ဆေးရုံတက်နေတဲ့လူနာကိုတောင် ပစ်တယ်ဆိုတာက လက်ခံလို့မရတဲ့ ကိစ္စတစ်ခုဖြစ်တယ်။ ဒါဟာ မလုပ်အပ်တဲ့ ကိစ္စတခုဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်”ဟု ကျောက်တော်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

၎င်းတို့မှာ တပ်မတော်ရေယာဉ်မှ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံများက စွပ်စွဲကြသည်။ ထို့ကြောင့် တပ်မတော်၏ တုန့်ပြန်ချက် ရရှိ ရန်အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော် (AA)တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သား(၁၃၀)ကျော် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ (၃၆၀)ကျော်အထိရှိလာနေကြောင်း ရက္ခိုင်ကျောင်းသားသမဂ္ဂ (တက္ကသိုလ် များရန်ကုန်) ၏ စာရင်းအရသိရသည်။

ဗီဒီယိုများ