ကျောက်တော်ပစ်ခတ်မှုကြောင့် အမျိုးသမီးနှစ်ဦးနှင့် လူငယ်တစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွား၍ အမျိုးသမီးနှစ်ဦးနှင့်လူငယ် တစ်ဦးဒဏ်ရာရရှိသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

24 Feb 2020

ခိုင်ရိုးလ|DMG

ဖေဖော်ဝါရီ ၂၄၊ စစ်တွေ

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွား၍ အမျိုးသမီးနှစ်ဦးနှင့်လူငယ် တစ်ဦးဒဏ်ရာရရှိသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

မဟာကံကြီးရှင် ဘုရားဘက်မှ ကစ္ဆပနဒီတံတားဘက်သို့သွားသည့် တပ်မတော်ယာဉ်တန်းသည် သေနတ် များဖြင့်ပစ်ခတ်၍သွားသည်။ ယင်းနောက် လက်နက်ကြီးကျည်တစ်လုံး နေအိမ်သို့ကျရောက်ပေါက် ကွဲ၍ လူသုံးဦးဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ဒဏ်ရာရရှိသူ၏ ဖခင်ဦးရွှေထွန်းအောင်က ပြောသည်။

“ ညနေ ၈ နာရီခွဲလောက်က စစ်ကားသွားပါတယ်။ အဲဒီကနေ ဘယ်ကပစ်လဲတော့မသိဘူး။ စစ်ကားသွားတာနဲ့ ပစ်သံကြားတယ်။ အဲဒီမှာ ကျွန်တော့်ဇနီးက ကလေးကို နို့တိုက်မယ်ဆိုပြီး နို့ဘူးဖျော်နေပါတယ်။ အဲဒီမှာ ဂျိန်းကနဲ ကြားပြီးတော့လဲသွားတယ်။ အဲဒီကျည်ကလည်း ကျွန်တော့်အိမ်မြောက်ဘက်နေ တခြားအိမ်မှာ ကျရောက်ပြီးတော့ အိမ်ကိုလာထိမှန်တာ” ဟု ၎င်းကဆိုသည်။

ထို့ကြောင့် အသက် (၅၆)နှစ်အရွယ် ဇနီး ဒေါ်နှင်းလှဝေမှာ ဝမ်းဗိုက်တွင် ကျည်ထိမှန်သွားပြီး သားဖြစ်သူ အသက် (၁၇)နှစ်အရွယ် မောင်ကြီးမှာ ညာဘက်ခြေထောက်ကို ကျည်ထိမှန်သွားခြင်းကြာင့် ခြေကျိုးသွားသည်။ ၎င်းတို့ နှစ်ဦးကို ဒဏ်ရာပြင်းထန်သောကြောင့် စစ်တွေဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ထားသည်။

ယင်းနေအိမ်တွင် နေထိုင်သည့် အသက် (၅၇)နှစ်အရွယ် ဒေါ်သူတူမှာ ခြေထောက်တွင် ဒဏ်ရာရရှိသွားသော်လည်း ဒဏ်ရာမပြင်းထန်သည့်အတွက် ကျောက်တော်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်။

ယင်းနေ့က မြို့ထဲတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဟု ဒဏ်ရာရရှိသူများ၏ အိမ်တွင်ရှိနေသူ ဒေါ်ဝါဝါရွှေက ပြောသည်။

“ ကျမတို့သိရသလောက်ကတော့ အဲဒီအချိန်မှာ ဘယ်သူမှ မသွားရဲဘူးလေ။ ကိုးနာရီနီးပါးမှာ အိမ်ပြင်ကနေ ဘယ်သူမှ မထွက်တော့ဘူး။ စစ်တပ်ကားသွားနေတာပဲ။ စစ်တပ်ကားပစ်တဲ့အသံကိုပဲ ကျမတို့ ကြားရတယ်။ တိုက်ပွဲလည်းမဖြစ်ဘူး” ဟု ဒေါ်ဝါဝါရွှေက ပြောသည်။

ယင်းပစ်ခတ်မှုများနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ရာ တွင် မသိသေးဟု ပြောဆိုသည်။

ရက္ခိုင့်တပ်တော်(AA)ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကိုဆက်သွယ်ရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊နေ့လယ်ပိုင်းက ကျောက်တော်မြို့ ကမ္ဘာ့ရတနာဘဏ်အနီးတွင် တပ် မတော်အရာရှိတစ်ဦးနှင့်စစ်သည်တစ်ဦးသေဆုံးကာ စစ်သည်တစ်ဦး ဖမ်းဆီးခံခဲ့ရသည်။၎င်းတို့ကို မသင်္ကာ ၍ ရပ်တန့်စစ်ဆေးစဉ် ပြန်လည်ခုခံသဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား၍ သေဆုံး၊ဖမ်းဆီးခံရမှုဖြစ်စဉ်ဖြစ်ပွား ခြင်းဟု AA ဘက်ကပြောထားသည်။

၎င်းတို့မှာ မြို့ထဲသို့ ငွေထုတ်သွားစဉ် ဓားဖြင့်ဝိုင်းထိုးခံရ၍ အရာရှိသေဆုံးသွားကာ နှစ်ဦးဖမ်းဆီးခံရသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ ယင်းဖြစ် စဉ်များ နှင့် ပတ်သက်ပြီး စုံစမ်းမှုပြုလုပ်လျက်ရှိပြီး လုံခြုံမှုကျိုးပေါက်မှုမရှိစေရန် နယ်မြေခံတပ်များကို ညွှန်ကြားထားသည်ဟု ဗိုလ်မှူးချုပ်က ဆိုသည်။

ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် ကျောက်တော်မြို့ထဲသို့ တပ်မတော်ကရောက်ရှိလာပြီး ဘဏ်အနီးစစ်ဆေးမှုများ ပြုလုပ်မှုများရှိခဲ့ပြီး ဒေသခံများလည်း စိုးရိမ်မှုမြင့်တက်နေသည်ဟု ဒေသခံများထံက သိရသည်။

“ အခုကျောက်တော်မြို့မှာဆိုရင် ကျောက်တော်မြို့ပေါ်မှာ လူတွေ သွားလာလှုပ်ရှားတာ သိပ်မရှိဘူး။ တိတ်ဆိတ်နေတာပဲ။ ဈေးဆိုင်တွေလည်း ပိတ်ထားကြတယ် ” ဟု ဒေါ်ဝါဝါရွှေက ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ ပြီးခဲ့သည့် ၂၀၁၈ ခု၊ နှစ်ကုန်ပိုင်းက စတင်ကာ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲကြောင့် စစ်ဘေးရှောင် (၁)သိန်းကျော်အထိရှိလာသည်။ ထို့ပြင် အရပ်သားသေဆုံးမှု (၁၃၀)ကျော်ရှိပြီး ဒဏ်ရာရရှိသူ (၃၆၀)ကျော်အထိရှိသည်ဟု ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)မှ သိရသည်။

 

ဗီဒီယိုများ