ကိုဗစ်ကာလအတွင်း ကျောက်တော်မြို့နယ်တွင် စစ်ဘေးဒုက္ခသည် လေးထောင်ကျော်တိုးလာ

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်နေသည့်ကာလတွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အတွင်း စစ်ရေးလှုပ်ရှားမှုများ ရှိနေသည့်အတွက် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေ တစ်ဖြည်းဖြည်းတိုးလာနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

By နှင်းနွယ် 21 Sep 2020

ကျောက်တော်မြို့၊ နေပူခံစစ်ဘေးရှာင်စခန်းမှ စစ်ဘေးရှောင်တချို့အား မေလအတွင်းက တွေ့ရစဉ်။

နှင်းနွယ် | DMG
စက်တင်ဘာ ၂၁ ၊ ကျောက်တော်

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်နေသည့်ကာလတွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အတွင်း စစ်ရေးလှုပ်ရှားမှုများ ရှိနေသည့်အတွက် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေ တစ်ဖြည်းဖြည်းတိုးလာနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

ဒေသမတည်ငြိမ်မှုများကြောင့် ကျောက်တော်မြို့နယ်အတွင်း ရွှေပြည်၊ အလယ်ကျွန်း၊ ကျောက်ဂူစု၊ လမုတပင်၊ သဝင်ကိုင်း၊ ရောင်စုံ၊ အုတ်ကြွပ်၊ ဘုရားပေါင်း၊ တောင်ပေါက်၊ ရွှေပြည်သစ်၊ သာစည်၊ ပုဏ္ဏားရွာ၊ အခစား စသည့်ကျေးရွာများမှ ဒေသခံများမှာ ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက် နေ့ကနေ နေရပ်စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေကြရသည်။

ယင်းကျေးရွာသားများမှာ မြစ်ကြောင်းအတိုင်းသွားလာနေသည့် တပ်မတော်ရေယာဉ်၏ ပစ်ခတ်မှုများကြောင့် ထွက်ပြေးလာကြသဖြင့် လက်ရှိကျောက်တော်မြို့ပေါ်တွင် စစ်ဘေးရှောင်ဦးရေ နှစ်သောင်းကျော်အထိ ရှိလာ နေပြီဖြစ်ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက DMG သို့ ပြောသည်။

“ရွာထဲကို စစ်ကြောင်းဝင်လာပြီးတော့ လူတွေကိုဖမ်းဆီးစစ်ဆေးတာတွေ၊ ရွာတွေကို မီးရှို့ခံရတာတွေ၊ တပ်မတော်နေဗီက လှမ်းပစ်တာတွေကြောင့် လူတွေက အိမ်မှာမနေရဲတော့ဘဲ ထွက်ပြေးရတယ်။ အဲဒီထဲက တစ်ချို့ကတော့ မြို့ပေါ်ကိုထွက်ပြေးလာကြတယ်။ ဒါပေမယ့် ရွာမီးရှို့ခံလိုက်ရတဲ့ ဒေသခံတွေကျတော့ ညဉ့်အချိန် မီးရှို့ခံရတာဖြစ်တဲ့အတွက် မြို့ပေါ်ကိုပြေးလာဖို့ အဆင်မပြေတာကြောင့် မြစ်တစ်ဖက်ကမ်းက ရွာတွေကို ရောက်သွားတဲ့သူတွေလည်း အများကြီးရှိတယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး၌ ကိုဗစ်နိုင်တင်းရောဂါကူးစက်မှုမြင့်တက်လာနေသော်လည်း ရခိုင်ပြည်နယ်တွင် စစ်ရေးလှုပ်ရှားမှုများရှိနေသဖြင့် ပြည်သူများမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကိုလိုက်နာရန် အခက်အခဲရှိနေကြသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ဒေသမှပြည်သူများမှာ ကိုဗစ်ကူးစက်ခံရမည်ထက် မိမိနေအိမ်သို့ လက်နက်ကြီးကျည် ကျရောက်လာမည်ကို ပိုကြောက်လန့်နေရသည့်အတွက် အခက်အခဲများဖြစ်နေကြောင်း ဦးဦးထွန်းဝင်းက ဆက်ပြောသည်။

“အခုဆိုရင် အစိုးရက Stay Home သတ်မှတ်ထားတယ်။ ဒါပေမယ့် ရွာမီးရှို့ခံထားရတဲ့သူတွေက ဘယ်မှာ သွားနေမလဲ။ ရွာကထွက်ပြေးပြီးတော့ နီးစပ်တဲ့နေရာတွေမှာ စုပြုံပြီးတော့နေရတဲ့အချိန်မှာ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ကျနော်တို့ ကျောက်တော်ဖက်မှာက ကိုယ့်အိမ်ထဲမှာနေရင်းနဲ့ လက်နက်ကြီးကျပြီးသေတယ်၊ ဒဏ်ရာရတယ်။ ဒီလိုဖြစ်စဉ်တွေရှိနေတော့ လူတွေက အဲဒီစစ်ရေးဖက်ကိုပဲ ပိုပြီးစိုးရိမ်နေကြတယ်” ဟု ဦးဦးထွန်းဝင်းကပြောသည်။

လက်ရှိတွင် နေရပ်စွန့်ခွာနေကြသည့် ဒေသခံတစ်ထောင်ခန့်မှာ မဟာမုနိဘုရားရင်ပြင်၌ နေထိုင်လျှက်ရှိနေပြီး အလှူရှင်များမရောက်ရှိသဖြင့် စားဝတ်နေရေးအခက်အခဲနှင့် ကြုံနေရသည်ဟု စစ်ဘေးရှောင်များကို ကူညီ ပေးနေသည့် ကိုဝင်းကျော်က ပြောသည်။

“အခုက ကိုဗစ်ကြောင့်အလှူရှင်တွေလည်း မရောက်ကြဘူး။ ကူညီထောက်ပံ့ပေးတဲ့သူတွေကလည်း သိပ်မရှိဘူး။ ဒါကြောင့် ကျနော်တို့အနီးအနားကရွာတွေကို အလှူငွေသွားကောက်ပြီး ရလာတဲ့ငွေလေးနဲ့ ကျွေးမွေးထား ရတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ စစ်ဘေးရှောင်များအား ကျန်းမာရေးဌာနမှ တစ်ပါတ်တွင်နှစ်ကြိမ်ခန့် ကျန်းမာရေး စောင့်ရှောက်မှုများ လာရောက်ပေးလေ့ရှိသော်လည်း ကိုဗစ်နှင့်ပတ်သက်သည့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ မရှိ သေးကြောင်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့် ကြာမြင့် လာနေပြီး တိုက်ပွဲကြောင့်နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်များမှာလည်း ၂ သိန်းကျော်အထိ ရှိလာနေပြီဖြစ်သည်။

ဗီဒီယိုများ