ကျောက်တော်ဒေသခံ ၄ ဦးအား တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွား

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်တစ်လုံးကျေးရွာသားငါးဦးအား ယနေ့(သြဂုတ်လ ၁၄ ရက်)တွင် တပ်မတော်စစ်ကြောင်းတစ်ခုမှ ကျေးရွာအတွင်းမှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

By နှင်းနွယ် 14 Aug 2020

နှင်းနွယ် | DMG
သြဂုတ် ၁၄ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်တစ်လုံးကျေးရွာသားငါးဦးအား ယနေ့(သြဂုတ်လ ၁၄ ရက်)တွင် တပ်မတော်စစ်ကြောင်းတစ်ခုမှ ကျေးရွာအတွင်းမှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဖမ်းဆီးခံရသူများမှာ အသက် ၃၅ မှ ၅၀ ကျော်အတွင်းရှိသူကြသည့် ဦးလှလှမောင်၊ ကိုသာကြီး၊ ကိုအောင်ခင်လှနှင့် ကိုသန်းအောင်ကျော်တို့ဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။

ယနေ့မွန်းလွှဲပိုင်း ၁၀ နာရီကျော်အချိန်က ကျောက်တော်ဖက်ရှိ ၃၇၆ တပ်ရင်းမှ တပ်မတော်သား ၃၀ ခန့် ပါဝင်သည့် စစ်ကြောင်းတစ်ခုသည် ကျေးရွာအတွင်းသို့ဝင်ရောက်လာကာ အဆိုပါရွာသား ၄ ဦးအား ဖမ်းဆီး သွားခြင်းဖြစ်သည်ဟု ဖမ်းဆီးခေါ်ဆောင်ခံရသူများထဲမှ ဦးလှလှမောင်၏ဇနီး ဒေါ်လှသန်းက DMG သို့ ပြောသည်။

“သူတို့(တပ်မတော်)က ရွာထဲကိုဝင်လာပြီး ရွာကစာသင်ကျောင်းမှာ ခဏနားကြပြီးတော့ ရွာထဲကအိမ်တွေကို တစ်အိမ်ပြီးတစ်အိမ်တက်မွှေတယ်။ ပြီးတော့ ကိုယ့်အိမ်မှာကိုယ်နေကြတဲ့ သူတို့လေးယောက်ကို ဖမ်းခေါ် သွားတာ’’ဟု ၎င်းကပြောသည်။

ကျောက်တစ်လုံးကျေးရွာသားလေးဦးနှင့်အတူ အနီးအနားကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးကိုလည်း တပ်မတော်မှ ဖမ်းဆီးသွားသည်ဆိုသည့် သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိတွင် ဖမ်းဆီးသွားသူများအား တပ်မတော်သားများမှ ကျောက်တော် ရွှေတလှဲကျေးရွာဖက်သို့ ခေါ်ဆောင်သွားသည်ဟု ဒေသခံများ၏ပြောဆိုသည်။

ကျောက်တော်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက “နေ့လယ်ပိုင်းလောက်ကတော့ အဲဒီရွာကဒေသခံတွေ ကျွန်တော့်ဆီကို ဖုန်းဆက်အကြောင်းကြာလာတယ်။ အစည်းအဝေးမှာဖြစ်တဲ့အတွက် ဖြစ်စဉ်အသေးစိတ်ကိုတော့မသိရသေးပေမယ့် ရွာသားလေးဦး ဖမ်းဆီးခံရတာကတော့ သေချာပါတယ်’’ဟု ၎င်းကဆိုသည်။

ကျောက်တလုံးကျေးရွာသားလေးဦးအား တပ်မတော်သားများက ဖမ်းဆီးခေါ်ဆောင်သွားသည်ဆိုသည့်အပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီတို့ကို DMG က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ တောပန်စင်းကျေးရွာမှ စံပယ်လှကျေးရွာသို့ ဆေးဝယ်ရန်သွားသူတစ်ဦးအား တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထိုသို့ဖမ်းဆီးခံရသည့် တောပန်စင်းကျေးရွာမှ ဦးအေးမောင်(၅၅ နှစ်)မှာ အေအေအဖွဲ့အတွက် ရိက္ခာနှင့် ပစ္စည်းများပို့ဆောင်ပေးခြင်းနှင့် တပ်မတော်စစ်ကြောင်းများအား မိုင်းခွဲပစ်ခတ်ခြင်းများတွင်ပါဝင်သူဖြစ်ကြောင်း သြဂုတ်လ ၁၃ ရက်နေ့တွင် တပ်မတော်ကထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ ၂ နှစ်ခန့်ကြာမြင့်လာသည့် တိုက်ပွဲကာလ အတွင်း AA နှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ဒေသခံများ ဖမ်းဆီးခံရမှုမှာ တဖြည်းဖြည်းတိုးလာနေသည်။

ဗီဒီယိုများ