ကျောက်တော်မြို့အနီး ပစ်ခတ်မှုဖြစ်ပွားကာ အရပ်သား (၃)ဦး ကျည်ထိမှန်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အနီးရှိ ကစ္ဆပနဒီတံတားဝန်းကျင်တွင် မေလ ၁၁ ရက်နေ့ ညနေ ၅ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် တံတားအနီးရှိ ပိုက်သည်ရပ်ကွက်တွင်နေထိုင်သည့်  မွတ်ဆလင် ၃ ဦး သေနတ်ကျည် ထိမှန်သွားခဲ့ကြောင်း သတင်းရရှိသည်။

By နှင်းနွယ် 12 May 2020

နှင်းနွယ် | DMG
မေ ၁၂ ၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အနီးရှိ ကစ္ဆပနဒီတံတားဝန်းကျင်တွင် မေလ ၁၁ ရက်နေ့ ညနေ ၅ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် တံတားအနီးရှိ ပိုက်သည်ရပ်ကွက်တွင်နေထိုင်သည့်  မွတ်ဆလင် ၃ ဦး သေနတ်ကျည် ထိမှန်သွားခဲ့ကြောင်း သတင်းရရှိသည်။

ဒေသခံကျေးရွာသားများ၏ ပြောကြားချက်အရ ကစ္ဆပနဒီတံတားအနီးမှ ပေါက်ကွဲသံများကြားရပြီးနောက် လက်နက်ငယ်ပစ်ခတ်မှုများ ရှိခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်စဉ်အတွင်း ပိုက်သည်ရပ်ကွက် လက်ဆောင်ကောက်အုပ်စုမှ ဦးလှမောင်သာ ၅၃ နှစ်၊ ဘာသာရေး ဆရာ M ဂျော်မာလိုတီ ၃၇ နှစ်နှင့် မောင်မောင်စိုး ၁၇ နှစ်တို့မှာ ကျည်ထိမှန်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကျည်ထိမှန်ခဲ့သူနှစ်ဦးမှာ ဈေးဆိုင်အတွက်လိုအပ်သည့် အအေးဗူး၊ ရေသန့်ဘူးများဝယ်ယူရန် ပိုက်သည် ရပ်ကွက်သို့ ဆိုင်ကယ်ဖြင့်သွားစဉ် ကျည်ထိမှန်သွားခဲ့ခြင်းဖြစ်ပြီး ကျန်တစ်ဦးမှာလည်း ရပ်ကွက်အတွင်းရှိနေစဉ် ကျည်ထိမှန်သွားခဲ့ခြင်းဖြစ်ကြောင်း လက်ဆောင်ကောက်အုပ်စုတာဝန်ခံ ဦးမောင်သိန်းကျော်က DMG သို့ ပြောသည်။

“ဆိုင်ကယ်တစ်စီးတည်းမှာ နှစ်ယောက်အတူစီးပြီးတော့ သွားကြတာ။ အဲဒီလိုသွားနေတုန်းမှာဘဲ သူတို့ဆီကို ကျည်လာထိတာ။ နောက်တယောက်ကလည်း ပိုက်သည်ရပ်ကွက်အတွင်းမှာနေရင်းပဲ ကျည်ထိတာ”ဟု ၎င်းက ပြောသည်။

မေလ ၁၁ ရက်နေ့က ကျောက်တော်မြို့တွင်း လုံခြုံရေးဆောင်ရွက်ပေးနေသည့်တပ်ဖွဲ့ဝင်များသည် မြို့အတွင်း မှ အခြေပြုနေရာသို့ ပြန်လည်ထွက်ခွာလာရာ ကစ္စပနဒီတံတားအနောက်ဘက်မီတာ ၃၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် ရန်ကုန်-စစ်တွေ ပြည်ထောင်စုလမ်းမကြီး၏ ညာဘက်လမ်းပုခုံးတွင် ထောင်ထားသည့် ရီမုမိုင်း ၂ လုံးဖြင့် AA မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ၎င်းနေရာအနီးတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကဆိုသည်။

သို့သော် တပ်မတော်၏ထုတ်ပြန်ချက်တွင် ပိုက်သည်ရပ်ကွက်တွင်နေထိုင်သူများ ကျည်ထိမှန်ခဲ့သည့်ကိစ္စအား ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။

ဒဏ်ရာရရှိသူများထဲမှ ဦးလှမောင်သာတွင် ညာဘက်ခြေထောက်နှင့် ခါးတွင် ကျည်ထိမှန်သွားခဲ့ကာ Mဂျော်မာလိုတီတွင် ညာဘက်လက်မောင်းနှင့် ဘယ်ဘက်လက်ခုံတို့၌ ကျည်ထိမှန်သွားခဲ့သည်။

ထို့ပြင် မောင်မောင်စိုးမှာလည်း ခြေထောက်နှစ်ဖက်လုံးတွင် ကျည်ထိမှန်သွားခဲ့ကြောင်း သိရသည်။

“သူတို့ကိုယ်ထဲမှာ ကျည်ဆံတွေဝင်လို့ရှိနိုင်တဲ့အတွက် ကျနော်ကတော့ ဆေးရုံကို အမြန်ဆုံးပို့ပေးစေချင်တယ်။ သူတို့ကိုကြည့်ရတာ သိပ်အဆင်မပြေဘူး။ တစ်ခုခုဖြစ်သွားမှာကိုလည်းစိုးရိမ်ရတယ်။ ပြီးတော့ နောက်ထပ်စိုးရိမ် တာတစ်ခုက အခုလိုပစ်ခတ်မှုကြောင့်အရပ်သားတွေကို ထပ်ပြီးထိခိုက်မှာကိုကြောက်နေတယ်” ဟု ကိုမောင်သိန်းကျော်က ပြောသည်။

လက်ရှိမှာ ကျည်ထိမှန်ဒဏ်ရာရရှိသွားသူ ၃ ဦးအား စစ်တွေဆေးရုံသို့ ပို့ဆောင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက အများပြည်သူသွားလာနေချိန်တွင် ယခုကဲ့သို့ ပစ်ခတ်နေခြင်းမှာ မဖြစ်သင့်ကြောင်းပြောသည်။

“အခုနောက်ပိုင်းဆိုရင် မြို့ပေါ်နဲ့ လူစည်ကားတဲ့နေရာတွေမှာ ဖြစ်တာကပိုများလာတယ်။ မနေ့ညကဆိုရင် လမ်းပေါ်မှာလူတွေအများကြီး ရှိနေတဲ့အချိန်မှာ ဖြစ်သွားတာဆိုတော့ လူတွေအရမ်းထိတ်လန့်သွားကြတယ်” ဟု ၎င်းကဆိုသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်သည့်သူများအနေဖြင့် မိမိတို့လုပ်ရပ်သည် ပြည်သူများကို ကာကွယ်စောင့်ရှောက် ခြင်းလား၊ (သို့မဟုတ်) ပြည်သူများကို ထိခိုက်စေသည့် လုပ်ရပ်လားဆိုသည်ကို ပြန်လည်သုံးသပ်ကြည့် သင့်ကြောင်း ဦးဦးထွန်းဝင်းက ဆက်၍ပြောသည်။

ကျောက်တော်မြို့ မဟာကံကြီးရှင်ဘုရားကြီး စစ်ဘေးရှောင်စခန်းတွင် မိခင်ဖြစ်သူနှင့်အတူ ခိုလှုံနေထိုင် နေသည့် အသက် ၅ နှစ်အရွယ် မမြင့်မြင့်စိုးမှာလည်း ယမန်နေ့က မြို့အနီးပစ်ခတ်သံများကြောင့် ကြောက်လန့် ထွက်ပြေးရာတွင် လမ်းမှဖြတ်သွားသည့်ဆိုင်ကယ်ဖြင့် တိုက်မိသွားခဲ့ကြောင်း သိရသည်။

ထိုသို့ဖြစ်ပွားခဲ့ခြင်းကြောင့် မမြင့်မြင့်စိုး၏ ဘယ်ဘက်ခြေထောက်တွင် ဒဏ်ရာရရှိသွားခဲ့သဖြင့် စစ်တွေ ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှုခံယူလျက်ရှိကြောင်းလည်း ၎င်းအားကူညီပေးနေသူများထံမှ သိရသည်။

ဗီဒီယိုများ