မြောက်ဦး-ကျောက်တော်ကားလမ်းတွင် ကားများပိတ်မိနေဆဲ

သြဂုတ်လ ၂၈ ရက်နေ့က ကားများပိတ်မိနေမှုနှင့်ပတ်သက်ပြီး DMG မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးအားမေးမြန်းခဲ့ရာ အရပ်သားများတိုက်ပွဲအတွင်း တစ်စုံတစ်ရာ ထိခိုက်မှုမရှိ စေရန်အတွက် တပ်မတော်သားများမှ ယာယီပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

By ခိုင်ရိုးလ 29 Aug 2019

Photo - KPU Daily News

ခိုင်ရိုးလ | DMG

သြဂုတ် ၂၉ ၊ မြောက်ဦး

ရခိုင်ပြည်နယ်အတွင်းရှိ ရန်ကုန်-စစ်တွေကားလမ်းတွင် မြောက်ဦးမြို့နယ်မှ ကျောက်တော်မြို့နယ် အကြားအတွင်း ကားများသွားလာ၍မရသေးကြောင်း ပိတ်မိနေသည့်ကားသမားတစ်ဦးမှ ယနေ့သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၈ နာရီကျော်အချိန်က ပြောသည်။

မြောက်ဦးမြို့နယ် လင်းမြွှေတောင်တောင်တန်းတွင် သြဂုတ်လ ၂၈ ရက်နေ့က တပ်မတော်နှင့် AA တို့ တိုက်ပွဲ ဖြစ်ပွားမှုများရှိခဲ့သဖြင့် သွားလာနေသည့်ကားများရှေ့ဆက်မရပဲ ပိတ်မိနေကြခြင်းဖြစ်သည်။

ယနေ့သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၆ နာရီမှ ၈ နာရီအထိ ကားများသွားလာခဲ့ကြသော်လည်း လက်ရှိမှာ လုံခြုံရေးအခြေအနေကြောင့် ကားများမသွားရဲကြတော့ဘဲ ဆက်လက်ပိတ်မိနေကြောင်း မြောက်ဦး-စစ်တွေ ခရီးသည်ယာဉ်ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

“ကားလမ်းက နံနက် ၆ နာရီလောက်က တစ်ခေါက်ဖြတ်သွားခဲ့ကြတယ်။ အခုကတော့ ပိတ်ထားပြီး တိမ်ညိုက စပြီးပိတ်ထားပြီ။ ကျွန်တော်တို့ကမြောက်ဦးမြို့မှာ ၂ ညအိပ်ခဲ့ရပြီ။ အခု တိမ်ညိုမှာ ကားတွေတန်းစီနေတာ။ ဖြတ်လို့မရသေးဘူး။ ကားတွေသွားမရဘူး တိုက်ပွဲဖြစ်ချိန်အတွင်းကျမှာ စိုးရိမ်တဲ့အတွက် အန္တရာယ်ရှိတဲ့ အတွက်ပါ” ဟု ယာဉ်မောင်း ကိုချမ်းသာကပြောသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှုများမရှိသော်လည်း လမ်းခရီးစိုးရိမ်ရသည့်အနေအထားတွင်ရှိနေသည့်အတွက် ပိတ်ထားခြင်းဖြစ်ကြောင်း၊ ရန်ကုန်-စစ်တွေ အဝေးပြေးယာဉ်များ၊ ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ကားများ စုစုပေါင်း ၁၀၀ ကျော်အထိ ပိတ်မိလျက်ရှိကြောင်း ၎င်းကဆိုသည်။

သို့သော် လမ်းအားမည်သူတို့မှပိတ်ထားခြင်းဖြစ်သည်ကို ပြောကြားရန် ပိတ်မိနေသည့် ယာဉ်မောင်းများမှ ငြင်းဆိုကြသည်။

“ဒီနေ့လည်းပိတ်ထားတယ်လို့ သိရတယ်။ တိုက်ပွဲကြောင့်လို့ပြောတယ်။ ကျမတို့ကားတစ်စီးက စစ်တွေကိုလာတာ တိမ်ညိုနားမှာ ရပ်နေရတာပါ” ဟု ရန်ကုန်-စစ်တွေပြေးဆွဲနေသည့် လေးဝတီယာဉ်လိုင်းမှ စာရေးမ ဒေါ်မာမာသန်းက ဆိုသည်။

သြဂုတ်လ ၂၈ ရက်နေ့က ကားများပိတ်မိနေမှုနှင့်ပတ်သက်ပြီး DMG မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးအားမေးမြန်းခဲ့ရာ အရပ်သားများတိုက်ပွဲအတွင်း တစ်စုံတစ်ရာ ထိခိုက်မှုမရှိ စေရန်အတွက် တပ်မတော်သားများမှ ယာယီပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

“လမ်းပိတ်ထားတာတော့ မရှိပါဘူး။ တိုက်ပွဲဖြစ်နေတဲ့အချိန်ဆိုတော့ ဘာမှမဟုတ်ပဲနဲ့ အပြစ်မဲ့ပြည်သူတွေ ထိမှာစိုးလို့ စေတနာနဲ့လုပ်ထားတာ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးကဆိုသည်။
ထို့ပြင် ရက္ခိုင့်တပ်တော်(AA)မှလည်း ၎င်းတို့မှ မြောက်ဦး-ကျောက်တော်ကားလမ်းအား ပြည်သူများထိခိုက်မှု မရှိစေရန်အတွက် ယာယီပိတ်ထားခဲ့ကြောင်း မနေ့ကပြောသည်။

“စစ်တွေ-ရန်ကုန်လမ်းမကြီးပေါ့။ အဲဒီမြောက်ဦးနဲ့ကျောက်တော်ကြားအပိုင်းမှာတော့ ကျောက်တော်မြို့နယ် မဟာမုနိကနေပြီးတော့ မြောက်ဦးမြို့နယ် လင်းမြွှေတောင်နားအထိ အဲဒီမှာလမ်းကို ကျနော်တို့ ရက္ခိုင့် တပ်တော်ဘက်ကနေ လမ်းကိုယာယီပိတ်ထားတယ်ဗျာ။ ဘာဖြစ်လို့လည်းဆိုတော့ ခရီးသွားပြည်သူတွေ တစ်စုံတစ်ရာထိခိုက်မှုမရှိရအောင် ကျနော်တို့ယာယီပိတ်ထားတာဖြစ်တယ်” ဟု AA ပြောခွင့်ရ ခိုင်သုခက ဆိုသည်။

လက်ရှိအချိန်ထိ ကားများပိတ်မိနေသဖြင့် ကုန်ကားများတွင်ပါဝင်သည့် ကုန်စိမ်းများမှာပုပ်သိုးမှုများရှိနေသဖြင့် ကုန်သည်များနစ်နာမှုရှိကြောင်းနှင့် ခရီးသည်များမှာလည်း အခက်အခဲဖြစ်နေကြရသည်။

 

ဗီဒီယိုများ