ကျေးရွာမီးလောင်မှုအား အစိုးရသတင်းစာတွင်ဖော်ပြချက် မြေပြင်နှင့်ကွဲလွဲမှုရှိ၍ အမှားပြင်ဆင်ချက်ထည့်ပေးရန် လိုလားနေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းရွာနှင့် တောင်ပေါက်ရွာ မီးလောင်မှုကိစ္စနှင့်ပတ်သက်၍ အစိုးရသတင်းစာများဖြစ်သည့် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် မြေပြင်အခြေအနေနှင့် ကွဲလွဲစွာ ရေးသားဖော်ပြခဲ့သည်ဟုဆိုကာ အမှားပြင်ဆင်ချက်ထည့်သွင်းပေးရန် သက်ဆိုင်ရာမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များက လိုလားနေကြသည်။

By နှင်းနွယ် 27 Nov 2020

ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာများအတွင်းက မီးလောင်ပျက်စီးသွားသည့် ကားတစ်စီးအား တွေ့ရစဉ်။

နှင်းနွယ် | DMG
နိုဝင်ဘာ ၂၇ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းရွာနှင့် တောင်ပေါက်ရွာ မီးလောင်မှုကိစ္စနှင့်ပတ်သက်၍ အစိုးရသတင်းစာများဖြစ်သည့် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် မြေပြင်အခြေအနေနှင့် ကွဲလွဲစွာ ရေးသားဖော်ပြခဲ့သည်ဟုဆိုကာ အမှားပြင်ဆင်ချက်ထည့်သွင်းပေးရန် သက်ဆိုင်ရာမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များက လိုလားနေကြသည်။

မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာတို့၏ စက်တင်ဘာလ (၉)ရက်နေ့က ဖော်ပြချက်တွင် “ဘုရား ပေါင်းရွာနှင့် တောင်ပေါက်ရွာအား တပ်မတော်က ရွာလုံးကျွတ်မီးရှို့ခဲ့သည့်သတင်းမှားအား အဖွဲ့အစည်း တချို့က လူမှုစာမျက်နှာကွန်ယက်ပေါ်တွင် လုပ်ကြံဖြန့်ဝေနေသည်ကို တွေ့ရှိရကြောင်းနှင့် ကျောက်တော် မြို့နယ်ရှိ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ ၃ ရက်နေ့က အပေါက်ဝရဲစခန်း၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင်များအား ပို့ကြိုဆောင်ရွက်စဉ် ယင်းကျေးရွာပတ်ဝန်းကျင်၌ AA အဖွဲ့ဝင်များက မိုင်းထောင်တိုက်ခိုက်မှု သုံးကြိမ်တိုင်တိုင်ပြုလုပ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရပ်ဝတ်ဝတ်ဆင်ထားသည့် AA အဖွဲ့ဝင် နှစ်ဦး ကိုလည်း လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း” ဖော်ပြထားသည်။

ယင်းပြင် “လူမှုကွန်ယက်စာမျက်နှာ သတင်းမှားများအား စိစစ်နိုင်ရေးအတွက် စက်တင်ဘာလ ၇ ရက်နေ့တွင် မီးလောင်သွားသည့် ကျေးရွာများအား မြေပြင်စစ်ဆေးမှုများ၊ ဒရုန်းများဖြင့် စစ်ဆေးခဲ့ရာ ရွာလုံးကျွတ် မီးလောင် ခြင်းမဟုတ်ဘဲ လူနေအိမ်အချို့ မီးလောင်သွားခြင်းသာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ဒေသခံပြည်သူ လူထု၏ ပြောဆိုချက်အရ ရက္ခိုင့်တပ်တော်(AA)အနေဖြင့် ၎င်းတို့အပေါ်ထောက်ခံမှုမရှိသည့် ဒေသခံပြည်သူ များ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုသိရှိရကြောင်းလည်း” ယင်းသတင်းစာများတွင် ဖော်ပြခဲ့သည်။

သို့သော် သတင်းစာများ၏ဖော်ပြမှုမှာ အမှန်တကယ်ကြုံတွေ့ခဲ့ရသည့် မျက်မြင်ဒေသခံများ၏ပြောဆိုချက်နဲ့ လုံးဝမတူဘဲ မြေပြင်အခြေအနေများနှင့်ကွဲလွဲမှုရှိနေသဖြင့် ပြန်လည်သုံးသပ်ကာ အမှန်တရားကို တိတိကျကျ ဖော်ပြပေးရန် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များက စက်တင်ဘာလ ၂၆ရက်နေ့တွင် သတင်းမီဒီယာ ကောင်စီနှင့် ပြန်ကြားရေးဝန်ကြီးဌာသို့ အကြောင်းကြားစာပေးပု့ိခဲ့ခြင်းဖြစ်ကြောင်း ကျောက်တော်မြို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးဦးထွန်းဝင်းက DMG သို့ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တစ်လနီးပါးအကြာ နိုဝင်ဘာလ (၂၄)ရက်နေ့မှ သတင်းမီဒီယာကောင်စီနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ အကြောင်းပြန်စာပေးပို့လာကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။ အကြောင်းပြန်စာတွင် သတင်းဖော်ပြရာ၌ မှန်ကန်တိကျစေရေး၊ သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ဖော်ပြ ပေးရေးကို သက်ဆိုင်ရာတာဝန်ရှိသူများကို တွေ့ဆုံပြောဆိုထားကြောင်းနှင့် ယင်းသတင်း၏ သတင်းရင်းမြစ် ကိုလည်း ယခုကဲ့သို့ အကြောင်းကြားထားမှုကိုသိရှိထားရပြီး လိုအပ်သလို စီစစ်ဆောင်ရွက်နိုင်ရေး ပေးပို့ထားသည်ဟုပါရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များကဆိုသည်။

ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာများအတွင်းက မီးလောင်ပျက်စီးသွားသည့် နေအိမ်တစ်လုံးအား တွေ့ရစဉ်။

“သတင်းစာမှာပါလာတာက ရွာသားတွေရဲ့ ပြောဆိုချက်နဲ့လုံးဝပြောင်းပြန်ဖြစ်နေတယ်။ သတင်းစာက တစ်နိုင်ငံလုံးကို ဖြန့်ချီထားတာဆိုတော့ သတင်းစာကနေပြီးတော့ပဲ ကွဲလွဲချက်ကို တစ်ခုခု တုံ့ပြန်လုပ်ဆောင် ပေးသင့်တယ်။ အမှားပြင်ဆင်ချက်နဲ့အတူ သတင်းမှန်ကိုဖော်ပြပေးတာကိုပဲ ကျနော်တို့ဖက်ကလိုချင်တာ’’ ဟု ဦးဦးထွန်းဝင်းက ဆိုသည်။

ယင်းပြင် အစိုးရကို ကိုယ်စားပြုသည့် နိုင်ငံပိုင်မီဒီယာတစ်ခုအနေဖြင့် မြေပြင်အခြေအနေကို တိကျစွာမသိရှိဘဲ အဖွဲ့အစည်းတစ်ခုခု၏ထုတ်ပြန်ချက်ကို ကိုးကားကာ သတင်းဖော်ပြခဲ့ခြင်းမှာ စိတ်မကောင်းစရာဖြစ်သည့်အပြင် အစိုးရ၏ဂုဏ်သိက္ခာကိုပါ ထိခိုက်စေသည်ဟုယူဆကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါသတင်းစာများ၌ ဖော်ပြချက်မှာ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းရွာနှင့် တောင်ပေါက်ကျေးရွာ၏ အခြေအနေများကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ စက်တင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်နှင့် အတူတူပင်ဖြစ်သည်။

သတင်းမီဒီယာကောင်စီအနေဖြင့် အချက်အလက်များကို စီစစ်အတည်ပြုရန်လက်လှမ်းမမှီသော်လည်း တိုင်ကြားသူများထံမှ အချက်အလက်အတိကျရရှိပါက သတင်းထုတ်လုပ်သူများအား ပြန်လည်ဖြေရှင်းခိုင်း သွားမည်ဖြစ်ကြောင်း သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးမြင့်ကျော်က ဆိုသည်။

“လောလောဆယ်တော့ လွှတ်တော်ကိုယ်စားလှယ်တွေဆီက အချက်အလက်တွေကို အတိအကျ တောင်းထားတယ်။ သူတို့ဆီကရရင် နိုင်ငံပိုင်မီဒီယာဆီပို့ပေးပြီးတော့ သူတို့ဖက်က မှားတယ်ဆိုရင် သတင်း ထုတ်လုပ်သူဘယ်သူလဲဆိုတာကိုရှာပြီး အကျိုးအကြောင်းနဲ့တကွ ဖြေရှင်းသွားမယ်။ တကယ်လို့ အချက်အလက် မှားတာဆိုရင်တော့ အချက်အလက်မှားကြောင်းကို ထုတ်ပြန်သွားမယ်” ဟု ၎င်းကပြောသည်။

စက်တင်ဘာလ ၃ ရက်နေ့ကဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာ တို့တွင် နေအိမ်(၁၈၀)ကျော် မီးလောင်ပျက်စီးခဲ့ပြီး ယင်းဖြစ်စဉ်တွင် ဘုရားပေါင်းရွာသားနှစ်ဦးလည်း သေဆုံး သွားခဲ့သည်ဟု ဒေသခံများကပြောသည်။

လက်ရှိတွင် အဆိုပါကျေးရွာနှစ်ရွာမှဒေသခံများမှာ နီးစပ်ရာကျေးရွာများဖြစ်သည့် သဝင်ကိုင်း၊ ကျောက်တန်း၊ သစ်အောင်၊ ရွှေလှိုင်ရွာနှင့် သရက်အုတ်ကျေးရွာတို့တွင် ခိုလှုံနေထိုင်လျှက်ရှိကြသည်။

ဗီဒီယိုများ