တပ်မှ နယ်မြေရှင်းလင်းရန်အတွက် ရသေ့တောင် ကျောက်တန်းရွာအနီးတစ်ဝိုက်ရှိ ဒေသခံများအား ခေတ္တတိမ်းရှောင်ကြရန် သတိပေး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာနှင့် အနီးတစ်ဝိုက်အား တပ်မတော်မှ နယ်မြေ ရှင်းလင်းသွားမည်ဖြစ်သဖြင့် ဒေသခံများအနေဖြင့် ကျေးရွာအတွင်းမှ ခေတ္တတိမ်းရှောင်ပေးကြရန် ရခိုင် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အမိန့်စာထုတ်ပြန်ထားသည်။

By နှင်းနွယ် 25 Jun 2020

နှင်းနွယ် | DMG
ဇွန် ၂၅ ၊ ရသေ့တောင်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာနှင့် အနီးတစ်ဝိုက်အား တပ်မတော်မှ နယ်မြေ ရှင်းလင်းသွားမည်ဖြစ်သဖြင့် ဒေသခံများအနေဖြင့် ကျေးရွာအတွင်းမှ ခေတ္တတိမ်းရှောင်ပေးကြရန် ရခိုင် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အမိန့်စာထုတ်ပြန်ထားသည်။

အဆိုပါနေရာအနီးတစ်ဝိုက်တွင် ရက္ခိုင့်တပ်တော်(AA)မှ ဖြန့်ခွဲလှုပ်ရှားလျက်ရှိကြောင်းနှင့် AA နှင့် ပတ်သက် ဆက်နွယ်သူများအား လက်ခံထားခြင်း မပြုကြရန်လည်း ယင်းအမိန့်စာတွင် ရေးသားထားသည်။

ယင်းအမိန့်စာကို ကျောက်တန်းကျေးရွာအုပ်စုမှ ကျေးရွာ(၁၇)ရွာ၏ အုပ်ချုပ်ရေးမှူးများထံသို့ ဇွန် ၂၅ ရက် နေ့တွင် ပေးပို့လိုက်ပြီဖြစ်ကြောင်း ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက ပြောသည်။

“ကျနော်တို့အနေနဲ့ သွားပြီးတော့ အကြောင်းကြားပေးထားတယ်။ တပ်မတော်က ကျေးရွာဘယ်နှစ်ရွာကို ဘယ်နေ့ ရှင်းလင်းမယ်ဆိုတာတော့ စာထဲမှာမပါဘူး။ ကျနော်တို့ကတော့ ရွာသားတွေလုံခြုံဖို့အတွက် အသိပေးရမယ့်တာဝန်ရှိတော့ တပ်မတော်က နယ်မြေမရှင်းလင်းသေးခင် ကျေးရွာသားတွေက အဆင့်သင့်ဖြစ်နေဖို့လိုတယ်”ဟု ၎င်းကဆိုသည်။

၎င်းကျေးရွာအနီးတစ်ဝိုက်အား နယ်မြေရှင်းလင်းနေစဉ် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားပါက ကျေးရွာသားများ ထိခိုက်ဒဏ်ရာရရှိမှုများ မရှိစေရန်အတွက် ခေတ္တတိမ်းရှောင်ပေးရန် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ အသိပေးအကြောင်းကြားသွားမည်ဖြစ်ကြောင်း ညွှန်ကြားစာတွင် ဖော်ပြထားသည်။

ယင်းနယ်မြေအတွင်းရှိ ရွာသူ၊ ရွာသားအများစုမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်သွားကြသော်လည်း လယ်သမားများမှာ လယ်လုပ်နေဆဲကာလဖြစ်၍ မိမိကျေးရွာမှ တိမ်ရှောင်မပေးနိုင်ဟုဆိုကာ ကျေးရွာ၌ ကျန်ရှိနေခဲ့ကြကြောင်း ကျောက်တန်းကျေးရွာမှ ဦးမောင်သာထွန်းက ပြောသည်။

“လယ်သမားတွေကတော့ လယ်မလုပ်ရင် ထမင်းဘယ်လိုစားရမလဲ။ ကိုယ့်အိမ်မှာကိုယ်နေပြီး လယ်လုပ်နေတာ သေရင်လည်းသေပါစေတော့ဆိုပြီး ရွာမှာနေကျန်ခဲ့ကြတယ်။ တခြားသူတွေကတော့ မြို့ပေါ်ကို ပြေးသွား ကြတယ်”ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မတ်လအတွင်းက ကျောက်တန်းကျေးရွာစာသင်ကျောင်းတွင် တပ်မတော်က ရွာသားများကိုခေါ်ယူစစ်ဆေးနေစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့၍ စစ်ဆေးခံနေရသူများထဲမှ ၈ ဦးသေဆုံးကာ ၆ ဦးမှာ ဒဏ်ရာရရှိသွားခဲ့သည်။

ဗီဒီယိုများ