ကျောက်တော်သကြားစက်ရုံ ပိတ်ထားသဖြင့် ဝန်ထမ်း ၁၀၀ ကျော် အခက်အခဲဖြစ်နေ

ရခိုင်ပြည်နယ်၏ တစ်ခုတည်းသောသကြားစက်ရုံဖြစ်သည့် ကျောက်တော်မြို့မှ သကြားစက်ရုံကို ပိတ်ထား သည်မှာ တစ်နှစ်ကျော်ကြာမြင့်လာခဲ့ပြီး စက်ရုံအလုပ်သမား ၁၀၀ ကျော်မှာ အလုပ်အခက်အခဲ ဖြစ်ပေါ်နေ ကြကြောင်း ပြောသည်။

By မျိုးသီရိကျော် 21 Jan 2021

မျိုးသီရိကျော် | DMG
ဇန်နဝါရီ ၂၁ ၊ စစ်တွေ

ရခိုင်ပြည်နယ်၏ တစ်ခုတည်းသောသကြားစက်ရုံဖြစ်သည့် ကျောက်တော်မြို့မှ သကြားစက်ရုံကို ပိတ်ထား သည်မှာ တစ်နှစ်ကျော်ကြာမြင့်လာခဲ့ပြီး စက်ရုံအလုပ်သမား ၁၀၀ ကျော်မှာ အလုပ်အခက်အခဲ ဖြစ်ပေါ်နေ ကြကြောင်း ပြောသည်။

အဆိုပါသကြားစက်ရုံကို အစိုးရမှ ပုဂ္ဂလိက ရခိုင်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီသို့ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှစတင်ပြီး နှစ် ၃၀ စီမံကိန်းဖြင့် ငှားရမ်းထားခဲ့ခြင်းဖြစ်သည်။

စက်ရုံမှ သကြားထုတ်လုပ်ရာတွင် နည်းပညာအားနည်းခြင်းကြောင့် ထွက်ရှိလာသည့်သကြားများမှာ အရည်အသွေးမပြည့်မီသဖြင့် သကြားဈေးမရရှိဘဲ ထုတ်လုပ်မှုပိုင်း၌အရှုံးပေါ်လာကာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်းက စက်ရုံကိုပိတ်လိုက်ရကြောင်း ရခိုင်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်မှ ဌာနမှူး ဦးဦးသာစိန်က ပြောသည်။

“ဒီစက်ရုံက နဂိုကတည်းက Recorvery အမြင့်၊ ထွက်နှုန်းမြင့်တဲ့စက်ရုံမဟုတ်ဘူး။ ကြံကို သကြားချက်ရင် သကြားထွက်မယ့်အတိုင်းအတာတစ်ခုထိ အဲ့လောက်အဆင့်ပဲရှိတာပါ။ အထူး Production ဖြစ်ဖို့အတွက် စနစ်မပါဘူး။ အဲ့တော့ သူများနိုင်ငံကထုတ်လုပ်တဲ့သကြားနဲ့မတူတဲ့အတွက် ဈေးကောင်းကောင်းမရနိုင်ဘူး။ သကြားစထုတ်လုပ်တဲ့နှစ်ကစပြီး အရှုံးပေါ်နေတာပါ” ဟု ဆိုသည်။

ယင်းသို့ သကြားစက်ရုံပိတ်ထားသည့်အတွက် စက်ရုံကိုမှီခိုပြီးလုပ်ကိုင်နေကြသည့် အလုပ်သမားအများစုမှာ စားဝတ်နေရေးအဆင်မပြေမှုများနှင့်ရင်ဆိုင်နေရကြောင်း ကုန်ထုတ်တာဝန်ခံ ဦးတင်မောင်ကြည်က ပြောသည်။

“စက်ရုံကိုပိတ်လိုက်တဲ့အတွက် မိသားစုစားဝတ်နေရေး၊ သားသမီးပညာရေး အခက်အခဲနဲ့ရင်ဆိုင်ရပါတယ်။ တချို့မိသားစုတွေမှာဆိုရင် သားသမီးတွေကိုကျောင်းထုတ်လိုက်ရတဲ့အခြေအနေ၊ ခရုလေးတွေ မြောင်းထဲက ကောက်ပြီး ရောင်းစားနေရတဲ့အခြေအနေကိုတောင် ရောက်သွားပါတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ စက်ရုံလုပ်သားများနေထိုင်ရာ မြေနေရာနှင့် စပါးစိုက်ပျိုးသည့်မြေနေရာတို့မှာ စက်ရုံပိုင်မြေများ ဖြစ်ကြသည်။ ယခင်စက်ရုံလည်ပတ်ခဲ့စဉ်က ယင်းမြေနေရာတွင် ကြံစိုက်ခင်းများစိုက်ပျိုးခဲ့ကာ မြေအတွက် ငွေကြေးမပေးခဲ့ရသော်လည်း ယခုစပါးစိုက်ပျိုးရာတွင် တစ်ဧကကို တစ်နှစ်လျှင်သုံးသောင်းကျပ်နှုန်းဖြင့် မြေငှားရမ်းခ ပေးဆောင်ကြရကြောင်း ပြောသည်။

“ကျနော်တို့က ကြံစိုက်၊ ကြံစက်ရုံမှာလုပ်တယ်ဆိုတော့ အဲ့ဒါကိုပဲကျွမ်းကျင်တယ်။ ကြံစိုက်တုန်းက တစ်ဧကမှာ တစ်သိန်းမြတ်တယ်ဆိုရင် အခုမိုးစပါးစိုက်ပျိုးတော့ အရှုံးပေါ်ပါတယ်။ မြေဧကအတွက်လည်း အခွန်ဆောင်ရပါ သေးတယ်” ဟု ဆိုသည်။

လက်ရှိ သကြားစက်ရုံပိတ်ထားသည့်အတွက် ဝန်ထမ်းများမှာ အကျပ်အတည်းများနှင့်ရင်ဆိုင်နေရပြီး ကုမ္ပဏီ ပိုင်ရှင်များအနေဖြင့် ၎င်းစက်ရုံကိုပိတ်ထားမည့်အစား ဝန်ထမ်းများအလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် အခြားအစားထိုးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် တောင်းဆိုကြသည်။

ရခိုင်ပြည်နယ်အတွင်း ပြည်ပနှင့် နိုင်ငံခြားမှ သကြားများကိုတင်သွင်းနေပါက လက်ရှိသကြားစက်ရုံကို ပြန်လည်ဖွင့်လှစ်နိုင်မည်မဟုတ်ကြောင်း လက်ရှိသကြားစက်ရုံတွင် ကုမ္ပဏီရှယ်ယာဝင်တစ်ဦးဖြစ်သူ ဦးညိုလှဖြူက ပြောသည်။

“ကျနော်တို့အနေနဲ့ သိန်းကိုသောင်းနဲ့ချီလို့အရှုံးပေါ်ခဲ့ပါပြီ။ အစိုးရက ပြည်ပတင်သွင်းရမဲ့သကြားကို ပြည်တွင်းကို သွင်းချင်သလိုသွင်းနေတယ်။ ကျနော်တို့စက်ရုံတွေကိုမငဲ့ညာပဲ အစိုးရအနေနဲ့ ကုန်သွယ်ခ အခွန်ငွေရရင်ပြီးပြီ။ ကျနော်တို့သကြားစက်ရုံတွေအနေနဲ့ ဖြစ်ချင်သလိုဖြစ်ပါစေ” ဟု ၎င်းကဆိုသည်။

သကြားစက်ရုံတွင်လုပ်ကိုင်နေသည့် ဝန်ထမ်းများကို နစ်နာကြေးအသီးသီးပေးကာ စက်ရုံကိုပိတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

ကျောက်တော်မြို့ သကြားစက်ရုံမှ သကြားများကို ရခိုင်ပြည်နယ်မှ ကျောက်တော်၊ စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း စသည့်မြို့နယ်အသီးသီးသို တင်ပို့ရောင်းချခဲ့သည်။

ဗီဒီယိုများ