ရွာအတွင်းလက်နက်ကြီးကျ၍ ကျောင်းဆရာတစ်ဦးနှင့် ကလေးတစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်ဘွယ်ကျေးရွာအတွင်းသို့ ယမန်နေ့(မေလ ၈ရက်) ညနေ ၉ နာရီ ခွဲအချိန်က လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာမှ မူလတန်းပြ ကျောင်းဆရာတစ်ဦးနှင့် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

By အောင်ထိန် 09 May 2020

အောင်ထိန် | DMG
မေ ၉ ၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်ဘွယ်ကျေးရွာအတွင်းသို့ ယမန်နေ့(မေလ ၈ရက်) ညနေ ၉ နာရီ ခွဲအချိန်က လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာမှ မူလတန်းပြ ကျောင်းဆရာတစ်ဦးနှင့် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

လက်နက်ကြီးပစ်ခတ်သံများ ကြားသဖြင့် ကျောင်းဆရာ ဦးဦးစိုးသိန်း ၂၇ နှစ်မှာ နေအိမ်အောက်တွင် ပုန်းခိုရန် အိမ်ပေါ်မှဆင်းလာစဉ် ၎င်း၏နေအိမ်ရှေ့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲလာသဖြင့် ဘယ်ဘက် လက်ကောက်ဝတ်တွင် ဒဏ်ရာရရှိသွားခဲ့ကြောင်း ဖခင်ဖြစ်သူ ဦးစံသိန်းက ပြောသည်။

“ကျနော့်သားက ပစ်သံကြားတာနဲ့ လှေကားကဆင်းပြီး ဝပ်ဖို့ပြင်လာနေတဲ့အခါ လက်နက်ကြီးက အိမ်ရှေ့မှာ လာပြီးပေါက်ကွဲတယ်။ အဲမှာ ကျည်စတွေထိသွားပြီး လက်ကောက်ဝတ်မှာ ဒဏ်ရာရသွားတာ။ ဒဏ်ရာက စိုးရိမ်ရတယ်။ ဖြတ်ရမလားမသိသေးဘူး။ လက်ကကြေထွက်သွားတယ်” ဟု ဖခင်ဖြစ်သူက ပြောသည်။

ယမန်နေ့ ညနေပိုင်းတွင် ကုလားတန်မြစ်အရှေ့ဘက် မျောက်တောင်ကျေးရွာနှင့် မာလာကျေးရွာကြားရှိ တပ်မတော်ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်သံများကြားရကြောင်း ဒေသခံများကပြောသည်။

၎င်းလက်နက်ကြီး ပေါက်ကွဲမှုဖြစ်စဉ်တွင် ကျောင်းဆရာ ဦးဦးစိုးသိန်းနေအိမ်နှင့် ကပ်လျက်တွင်ရှိသည့်နေအိမ်မှ အသက် ၁၁ နှစ်အရွယ် မသော်တာဖြိုးမှာလည်း မျက်ခုံးတွင် ကျည်စထိမှန်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ဒဏ်ရာရရှိသူ ဦးဦးစိုးသိန်းကို ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ထားသော်လည်း ဒဏ်ရာပြင်းထန်သည့် အတွက် စစ်တွေဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။ မသော်တာဖြိုးမှာ ဒဏ်ရာမစိုးရိမ်ရသဖြင့် မိမိကျေးရွာတွင် ဆေးကုခံယူလျက်ရှိသည်။

ယခုပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ် မေးမြန်းရာတွင် ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ကုလားမြစ်အရှေ့ဘက်ရှိ တပ်မတော်ဗျူဟာကုန်းမှ ညနေပိုင်းအချိန်တွင် နေ့စဉ် လက်နက်ကြီးပစ်ခတ်မှုရှိနေပြီး ထိုသို့ပစ်ခတ်သည့်အတွက် ဒေသခံကျေးရွာသားများ စိုးရိမ်ကြောက်လန့်နေကြရကြောင်း တောင်ဘွေကျေးရွာမှ ဦးအောင်သန်းဝင်းက ပြောသည်။

“ကုလားတန်အနောက်ပိုင်းခြမ်းမှာဆိုရင် ကျနော်တို့ရွာတစ်ရွာပဲ ရှိတော့တယ်။ ရွာသားတွေက အမြဲတမ်းစိုးရိမ် စိတ်နဲ့ နေနေရတယ်။ အသံတစ်ခုကြားရင် အကုန်လုံး ဗုံးခိုကျင်းထဲ ဝင်ပြေးကြတယ်။ ထမင်းစားနေရင်လည်း ထမင်းစားနေတာက ထပြေးကြရတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ကျောက်တော်မြို့နယ် အထက်ပိုင်း ကုလားတန်မြစ်ကြောင်း တစ်လျှောက်တွင်ရှိသည့် မျောက်တောင်၊ တင်းမ၊ မာလာ၊ ပြိုင်းတိုင်း၊ မုန့်သန်းပြင် စသည့်ကျေးရွာများမှ ဒေသခံများမှာ တိုက်ပွဲဖြစ်ပွား မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ရခိုင်ပြည်နယ်အတွင်း လက်နက်ကြီးထိမှန်မှု၊ မိုင်းပေါက်ကွဲမှုများနှင့် ပစ်ခတ်ခံရမှုများကြောင့် တိုက်ပွဲဧရိယာ အတွင်းကဒေသခံများ သေဆုံးဒဏ်ရာရရှိမှုမှာ လစဉ်မြင့်တက်လျက်ရှိနေသည်။

ဗီဒီယိုများ