လက်နက်ကြီးကျည်စထိမှန်သွားသည့် ကျောက်တော်က အမျိုးသမီးကို စစ်တွေသို့အရေးပေါ်ပို့ဆောင်ထားရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွှွေပြည်ကျေးရွာတွင် ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့၊ ညဉ့် ၁ နာရီခန့်က လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရှိသွားခဲ့ကြောင်း မိသားစုဝင်များထံက သိရသည်။

03 Mar 2020

ဒဏ်ရာရလူနာ ဒေါ်နီနီအေးကို မတ်လ ၃ ရက်၊နေ့လယ်ပိုင်းက စစ်တွေဆေးရုံကြီးသို့အရေးပေါ်ပို့လိုက်ရသည်။ ဓာတ်ပုံ-ခိုင်ရိုးလ


ခိုင်ရိုးလ၊ DMG
မတ်လ ၃၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွှွေပြည်ကျေးရွာတွင် ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့၊ ညဉ့် ၁ နာရီခန့်က လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရှိသွားခဲ့ကြောင်း မိသားစုဝင်များထံက သိရသည်။

အသက် (၃၈)နှစ်အရွယ် ဒေါ်နီနီအေးမှာ လက်နက်ကြီးကျည်စ ထိမှန်၍ ဘယ်ဘက်ဝမ်းဗိုက်တွင် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။ ထို့ကြောင့် ကျောက်တော်ဆေးရုံမှတဆင့် ယနေ့ နေ့လယ်ပိုင်းတွင် စစ်တွေ ဆေးရုံကြီးသို့ပို့ဆောင်ကာ အရေးပေါ်ဆေးကုသမှု ခံယူနေခြင်းဖြစ်သည်။

ယင်းနေ့က ရွှေပြည်၊ မျောက်တောင်၊ တင်းမ စသည့်ကျေးရွာအပေါ်၌ လေယာဉ်များပျံဝဲနေသဖြင့် ရွာသားများမှာ ကြောက်လန့်ပြီး မိမိတို့နေအိမ်အောက်တို့တွင် ဝပ်နေကြစဉ် လေယာဉ်ပေါ်မှ လက်နက်ကြီး ကျည်တစ်လုံး ကျရောက်လာသည့်အတွက် ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း ဒေါ်နီနီအေး၏ခင်ပွန်း ဦးမောင်သန်းစိုးက ပြောသည်။

“ လေယာဉ်တွေက တအားပျံဝဲနေတာဆိုတော့ လေယာဉ်က ကျတာဖြစ်တယ်။ လမ်းမဘေး ကျွန်တော့် အိမ်ရှေ့ဘက် လက်နက်ကြီးကျတယ်။ အဲဒီကနေတစ်ဆင့် လွှင့်စဉ်ပြီးကျလာတာ။ ကျွန်တော့် မိန်းမမှာ ထိသွားတာ။ လေယာဉ်သံတွေကြားနေတော့ တစ်ရွာသားလုံးက မြေပြင်တွေမှာ ဝပ်နေကြတာ။ ကျွန်တော် တို့လည်း ဝပ်နေတာ အဲဒီမှာ လာထိမှန်တာပါ” ဟု ၎င်းက ဆိုသည်။

ကျောက်တော်မြို့နယ် ဝက်မကျရွာနှင့် တင်းမရွာအကြားတွင် ဖေဖော်ဝါရီလ (၅) ရက်နေ့ကပင် တိုက်ပွဲဖြစ်ပွား နေခြင်းဖြစ်ပြီး မတ်လ ၂ ရက်နေ့၊ ညသန်းခေါင်၌ ယင်းပတ်ဝန်းကျင်သို့ တပ်မတော်က ဂျက်တိုက်လေယာဉ် (၂)စီးဖြင့် (၁၀) မိနစ်ခန့် နှစ်ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ရက္ခိုင့်တပ်တော်(AA)က ထုတ် ပြန်ထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကိုဆက်သွယ်ရာတွင် ဖုန်း လက်ခံဖြေကြားခြင်းမရှိပေ။

ရွာအနီးတိုက်ပွဲဖြစ်ပွားမှု၊ ပစ်ခတ်မှုများရှိနေသဖြင့် အလုပ်လုပ်ကိုင်ရာတွင် အဆင်မပြေဖြစ်နေသောကြောင့် စားဝတ်နေရေးအခက်အခဲ ဖြစ်နေကြသည်ဟု ဒေသခံများက ဆိုသည်။

“ ကျွန်တော်တို့ဘက်မှာဆိုရင် ပစ်ခတ်သံတွေကြားနေရတဲ့အတွက် ဆင်းရဲသားတွေမှာ လုပ်ကိုင်စားသောက်ဖို့ အခက်ခဲတွေဖြစ်တယ်” ဟု ဦးမောင်သန်းစိုးက ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သားသေဆုံးသူ (၁၃၀)ကျော်ထ ိရှိလာနေပြီး ထိခိုက်ဒဏ်ရာရရှိသူ (၃၆၀)ကျော်ထိရှိနေသည် ဟု ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ - ရန်ကုန်)မှ သိရသည်။

ဗီဒီယိုများ