စစ်ကြောင်းပြန်ထွက်သွားသော်လည်း ကျောက်တော်ဒေသခံ ၁၀၀ ခန့် နေရပ်မပြန်ရဲသေး

ကျောက်တော်မြို့နယ်တွင် မြန်မာစစ်တပ်က ဝင်ရောက်လာသောကြောင့် ဘုရားပေါင်း၊ တောင်ပေါက်နှင့် ပုဏ္ဏားရွာမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိတွင် စစ်တပ်က ပြန်လည်ထွက်ခွာသွားပြီဖြစ်သော်လည်း ဒေသခံ ၁၀၀ ကျော်မှာ နေရပ်မပြန်ရဲကြသေးဟု ဒေသခံများထံမှ သိရသည်။

11 Aug 2022

DMG ၊ သြဂုတ် ၁၁

ကျောက်တော်မြို့နယ်တွင် မြန်မာစစ်တပ်က ဝင်ရောက်လာသောကြောင့် ဘုရားပေါင်း၊ တောင်ပေါက်နှင့် ပုဏ္ဏားရွာမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိတွင် စစ်တပ်က ပြန်လည်ထွက်ခွာသွားပြီဖြစ်သော်လည်း ဒေသခံ ၁၀၀ ကျော်မှာ နေရပ်မပြန်ရဲကြသေးဟု ဒေသခံများထံမှ သိရသည်။

သြဂုတ်လ ၉ ရက်နေ့က ကျေးရွာများအတွင်း မြန်မာစစ်တပ်က ဝင်ရောက်လာသဖြင့် အဆိုပါကျေးရွာများမှဒေသခံများမှာ အနီး အနားကျေးရွာများသို့ ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။ နောက်တစ်နေ့တွင် စစ်ကြောင်း ပြန်လည်ထွက်ခွာသွားသောကြောင့် ဒေသခံအများစုမှာ နေရပ်သို့ပြန်လည်ရောက်ရှိနေကြပြီဖြစ်သော်လည်း တောင်ပေါက်ကျေးရွာမှ ဒေသခံ ၁၀၀ ခန့်မှာ လက်ရှိအချိန်ထိ နေရပ်မပြန်ရဲကြသေးဟုဆိုသည်။

"စစ်ကြောင်းထွက်သွားတဲ့သတင်းကိုကြားတော့ ရွာသားတွေလည်း ကိုယ့်ရပ်ရွာကိုပြန်လာကြပြီး ကိုယ့်စီးပွားရေးကို ကိုယ်ပြန်လည်လုပ်ကိုင်ဖို့လာကြတယ်။ ဒါပေမဲ့ တချို့ရွာသားတွေကတော့ ကြောက်ပြီးမလာရဲကြသေးဘူး။ ကြောက်တယ်ဆိုတာကလည်း အရင်တိုက်ပွဲကာလတုန်းကလည်း ကျနော်တို့ရွာသားတွေက ဖမ်းဆီးသတ်ဖြတ်တာတွေ ခံခဲ့ရဖူးတဲ့အတွက် သူတို့ဝင်လာတယ်ဆိုကတည်းက စိုးရိမ်စိတ်ဝင်နေကြတာပေါ့"ဟု ပြောသည်။

စစ်ကြောင်းဝင်ရောက်လာစဉ် တောင်ပေါက်ကျေးရွာတွင် စာသင်ကျောင်းများကို ပိတ်ထားလိုက်ရပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများလည်း ကြောက်လန့်၍ ထွက်ပြေးသွားကြရသည်ဟု တောင်ပေါက်ဒေသခံတစ်ဦးက ဆိုသည်။

"စစ်တပ်ဝင်လာတယ်ဆိုတာနဲ့ တရွာလုံးပြေးကြတယ်။ ကျနော်နဲ့ တခြားတစ်ယောက်၊နှစ်ယောက်လောက်ပဲ ကျွဲနွားတွေကိုစောင့်ကျန်ခဲ့တယ်။ တချို့ လုံးဝမပြေးနိုင်တော့တဲ့ သက်ကြီးပိုင်းတွေကတော့ ဘုန်းကြီးကျောင်းမှာ ဝင်ပုန်းကျန်ခဲ့တယ်။ ဒါပေမဲ့ စစ်သားတွေဝင်လာတဲ့အခါ ဘုန်းကြီးကျောင်းမှာပုန်းနေသူတွေကိုလိုက်ထုတ်ပြီး သူတို့ဒီမှာတည်းမယ်ဆိုပြီးပြောတယ်"ဟု ဒေသခံတစ်ဦးကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ ညဉ့်အချိန်ကလည်း ဘုရားပေါင်းရွာနှင့် တောင်ပေါက်ရွာအတွင်းသို့ မြန်မာစစ်တပ်ဝင်ရောက်လာကာ ရွာကိုမီးရှို့ခဲ့သည်ဟု ဒေသခံများက ပြောကြသည်။ သို့သော် မြန်မာစစ်တပ်ဘက်က ငြင်းဆန်ခဲ့သည်။

ဗီဒီယိုများ