ကျောက်တော်တွင် တပ်က ဖမ်းဆီးထားသူအား တွေ့ခွင့်မရသဖြင့် မိသားစုစိုးရိမ်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သင်္ဂနက်အုပ်စု၊ တောပန်ဇင်းကျေးရွာမှ ဒေသခံတစ်ဦးအား ဖမ်းဆီးခံရပြီး လေးရက်ခန့်ကြာသည့်တိုင် တွေ့ခွင့်မရသဖြင့် စိုးရိမ်မိကြောင်း ဖမ်းဆီးခံရသူ၏ မိသားစုကပြောသည်။

By နှင်းနွယ် 13 Aug 2020

နှင်းနွယ် | DMG
သြဂုတ် ၁၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သင်္ဂနက်အုပ်စု၊ တောပန်ဇင်းကျေးရွာမှ ဒေသခံတစ်ဦးအား ဖမ်းဆီးခံရပြီး လေးရက်ခန့်ကြာသည့်တိုင် တွေ့ခွင့်မရသဖြင့် စိုးရိမ်မိကြောင်း ဖမ်းဆီးခံရသူ၏ မိသားစုကပြောသည်။

တောပန်ဇင်းကျေးရွာမှ အသက် ၅၇ နှစ်အရွယ် ဦးအေးမောင်သည် သြဂုတ် ၉ ရက်နေ့က စံပယ်လှကျေးရွာရှိ ဆေးဆိုင်သို့ဆေးဝယ်သွားစဉ် တပ်မတော်စစ်ကြောင်းတစ်ခု၏ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရကြောင်း သင်္ဂနက်အုပ်စု အုပ်ချုပ်ရေးမှူး ဦးလှကျော်ဖြူက DMG သို့ ပြောသည်။

“သူကဆေးဝယ်မယ်ဆိုပြီး စံပယ်လှရွာကိုသွားတယ်။ လမ်းမှာတပ်မတော်သားတွေက ကားအဖြူစီးပြီး လာကြတယ်။ တပ်မတော်သားတွေကိုမြင်တော့ သူကကြောက်ပြီး လမ်းကြားကိုရှောင်ပြေးတယ်။ အဲဒီအချိန်မှာ တပ်မတော်က မသင်္ကာလို့ဖမ်းပြီး မြစ်နားကနေအိမ်တစ်လုံးမှာ ချည်ထားပြီးတော့ သူတို့ပြန်တဲ့အခါ တပါတည်း ခေါ်သွားတာ” ဟု ဦးလှကျော်ဖြူက ဆိုသည်။

ထိုသို့ဖမ်းဆီးခံရသည့် ဦးအေးမောင်သည် ကျေးရွာ၌ လယ်လုပ်ကိုင်နေသူဖြစ်ပြီး အပြစ်မရှိသဖြင့် ပြန်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုသည်။

“ကျနော်တို့ကတော့ ဘာအပြစ်မှမရှိတဲ့သူ့ကို အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်။ သူကဆင်းရဲတော့ ရှိတဲ့လယ်ကွက်လေးနည်းနည်းကို ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေတာ။ သူ့မှာသားသမီးကလည်း သုံးယောက်ကျန်ခဲ့တယ်။ အခုထိ ဘာသတင်းအစအနမှမရတော့ စိတ်ပူတယ်”ဟု ဖမ်းဆီးခံရသူ၏ ယောက္ခမဖြစ်သူ ဦးမောင်ကျန်စိန်က ပြောသည်။

ဦးအေးမောင်အားဖမ်းဆီးသွားသည်မှာ ကျောက်တော်မြို့နယ်၊ ကွမ်းအုံချောင်းကျေးရွာရှေ့ရှိစက်ရုံတွင် နေထိုင်နေသည့် ကန်စောက်တောင်တပ်ရင်း ၅၃၉ မှ တပ်မတော်သားများဖြစ်ကြောင်း ကြားသိရသဖြင့် ရပ်မိ၊ရပ်ဖ များနှင့် သံဃာတော်များက ၎င်းကျေးရွာသို့ သြဂုတ် ၁၁ ရက်နေ့တွင် သွားရောက်ခဲ့သည်ဟု သိရသည်။

သို့ရာတွင် တပ်မတော်သားများမှ ရွာထဲသို့မဝင်ရဘဲ ပြန်လွှတ်ခဲ့ကြောင်း ကျောက်တော်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က ပြောသည်။

“ရပ်မိ၊ရပ်ဖတွေက သက်ဆိုင်ရာတာဝန်ရှိသူ ဗိုလ်ကြီးတစ်ယောက်ကိုသွားပြောတော့ သူက သံဃာတော်တွေနဲ့ သွားပြောကြည့်ရင် အဆင်ပြေလိမ့်မယ်ဆိုပြီးပြောလိုက်တဲ့အတွက် သွားကြည့်ကြတာ။ ဒါပေမယ့် ရွာရှေ့က စက်ရုံမှာနေတဲ့ တပ်မတော်သားတွေက လုံးဝအဝင်မခံဘဲ နောက်တစ်ခါထပ်လာရင် ကြမ်းကြမ်းတမ်းတမ်း ဖြစ်မယ်ဆိုပြီး ခြိမ်းခြောက်လိုက်တော့ မသွားရဲကြတော့ဘူးဖြစ်နေကြတယ်။ ဒါကြောင့် ရဲစခန်းမှာ တိုင်ကြားဖို့ လုပ်နေတယ်” ဟု ဦးမောင်မောင်က ဆိုသည်။

ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီတို့ကို DMG က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့၏ တိုက်ပွဲကာလအတွင်း သံသယဖြင့်ဖမ်းဆီးခံရမှု များပြားလျက်ရှိနေကာ ဖမ်းဆီးခံရပြီးနောက်တွင် သတင်းအစအနမရရှိဘဲ ပျောက်ဆုံးနေသူ ၃၀ ကျော်ရှိနေသည်။

ဗီဒီယိုများ