ကျောင်းသားများ လက်နက်ကြီးကျည်ထိမှန်မှု အရပ်ဖက်အဖွဲ့များနှင့် ဆရာများအဖွဲ့ချုပ် ရှုတ်ချ

ဘူးသီးတောင်မြို့နယ်၊ ခမီချောင်းရွာမူလတန်းလွန်ကျောင်းကို လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ကျောင်းသား၊ကျောင်းသူ (၂၁)ဦး ဒဏ်ရာရရှိသွားမှုနှင့်ပတ်သက်ပြီး ကျူးလွန်သူများအပေါ် ကန့်ကွက်ရှုတ်ချကြောင်း အရပ်ဖက်အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်က ယနေ့ သဘောထားထုတ်ပြန်လိုက်ကြသည်။

By ခင်သရဖီဦး 15 Feb 2020

ဒဏ်ရာရရှိသွားသူများအနက် မခင်မေဦးမှာ မေးရိုးအစားထိုးကုသရန် လိုအပ်သဖြင့် ရန်ကုန်ဆေးရုံသို့ ပို့ဆောင်မည်ဖြစ်သည်။

ခင်သရဖီဦး | DMG
ဖေဖော်ဝါရီ ၁၅၊ စစ်တွေ

ဘူးသီးတောင်မြို့နယ်၊ ခမီချောင်းရွာမူလတန်းလွန်ကျောင်းကို လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ကျောင်းသား၊ကျောင်းသူ (၂၁)ဦး ဒဏ်ရာရရှိသွားမှုနှင့်ပတ်သက်ပြီး ကျူးလွန်သူများအပေါ် ကန့်ကွက်ရှုတ်ချကြောင်း အရပ်ဖက်အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်က ယနေ့ သဘောထားထုတ်ပြန်လိုက်ကြသည်။

ထိုလက်နက်ကြီးကျည်ထိမှန်မှုနှင့် ပတ်သက်ပြီး တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့က မိမိတို့မပစ်ခတ်ကြောင်း ငြင်းဆိုနေကြပြီး အပြန်အလှန် စွပ်စွဲပြစ်တင်နေကြသည်။ ထိုသို့ငြင်းဆန်နေခြင်းမှာ တာဝန်မဲ့သည့် လုပ်ရပ်ဖြစ်သည့်အပြင် အပြစ်မဲ့အရပ်သားများအပေါ် ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု အရပ်ဖက်အဖွဲ့အစည်း (၁၀၀) ကျော်က ထုတ်ပြန်သည်။

“စာသင်ကျောင်းတွေကို လက်နက်ကြီးကျတယ်ဆိုတာက ကျနော်တို့နိုင်ငံက ကလေးတွေတောင် မလုံခြုံတော့တဲ့အနေအထားဖြစ်လာတယ်။ ဒီစာသင်ကျောင်းတွေ၊ ဆေးရုံတွေ စတဲ့နေရာတွေမှာ အရပ်သားပြည်သူတွေ မထိခိုက်အောင်လုပ်ပေးဖို့က လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးမှာ တာဝန်ရှိတယ်” ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ပြည်တွင်းတာဝန်ခံ ကိုအောင်မျိုးကျော်က ပြောသည်။

အပြစ်မဲ့ဒဏ်ရာရသူများနှင့် မိသားစုဝင်များအတွက် တရားဝင်တောင်းပန်ရန်၊ ပြန်လည်ကုစားပေးရေးအစီအစဉ်များနှင့် တရားမျှတမှုများ ဆောင်ကြဉ်းပေးရန်အတွက် တည်ဆဲအစိုးရနှင့် သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့အသီးသီး၏ ခေါင်းဆောင်များမှ လုပ်ဆောင်ပေးရန်လိုအပ်သည်ဟု အရပ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“အနာဂတ်မှာ အခုလိုဖြစ်ရပ်ဆိုင်းတွေ ထပ်မဖြစ်စေဖို့ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးမှာ ပြုပြင်ပြောင်းလဲဖို့လိုအပ်တယ်” ဟု ထုတ်ပြန်ချက်တွင် ရေးထားသည်။

နိုင်ငံရေး၊ လူမျိုးရေး၊ စစ်ရေး အစရှိသည့် လူကြီးများ၏ ပဋိပက္ခများကြားတွင် ရိုးသားဖြူစင်သည့် ကလေးသူငယ်များ မြေစာပင်အဖြစ် စစ်ဘေးဒဏ်သင့်ရခြင်းမှာ ကလေးသူငယ်များအတွက် တရားမမျှတမှု ရင်ဆိုင်ရခြင်းပင် ဖြစ်သည်။ ကလေးသူငယ်၊ ကျောင်းသားမောင်မယ်တို့သည် နိုင်ငံအနာဂတ်၊ လူသားအရင်းအမြစ်များ ဖြစ်သည်နှင့်အညီ ရုပ်ပိုင်း၊ စိတ်ပိုင်း အေးချမ်းလုံခြုံစွာ ပညာသင်ကြားခွင့်ရရှိနိုင်ရေးနှင့် လွတ်လပ်ငြိမ်းချမ်းစွာ ကြီးပြင်းရှင်သန်ရေးမှာ နိုင်ငံသားအားလုံး၏ အရေးကြီးသော တာဝန်တစ်ရပ်ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် သာသနာရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ပရဝဏ်များအတွင်း စစ်မက်ဖြစ်ပွားမှုများ ရှောင်ကြဉ်ရန်နှင့် အလားတူအဖြစ်ဆိုးမျိုးဖြစ်ပွားခြင်းမှ ရှောင်ရှားနိုင်ကြရန် အရေးကြီးသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်က ခမီချောင်းမူလတန်းလွန်ကျောင်းကို လက်နက်ကြီးကျည် တစ်လုံးကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသား၊ကျောင်းသူ (၂၁)ဦးဒဏ်ရာရရှိသွားပြီး မခင်မေဦး အပါအဝင် ကျောင်းသူနှစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်။ တခြားသူများမှာ သက်သာလာနေပြီဟု ဒေသခံများထံက သိရသည်။

ဆက်စပ်သတင်းများ -

ဗီဒီယိုများ