ကျိုက်ထိုတွင် နိုင်ငံရေးအမှုနှင့်ဖမ်းဆီးခံရသူ များလာ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် နိုင်ငံရေးပုဒ်မ-၅၀၅(က)ဖြင့် စစ်ကောင်စီ၏ဖမ်းဆီးခြင်းကို ခံရသူ များပြားလာနေပြီး ပြီးခဲ့သည့်လေးလအတွင်း ဖမ်းဆီးခံရသူ ၃၀ ဦးထက်မနည်းရှိခဲ့ကြောင်း သိရသည်။

By DMG 05 Jan 2022

DMG ၊ ဇန်နဝါရီ ၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် နိုင်ငံရေးပုဒ်မ-၅၀၅(က)ဖြင့် စစ်ကောင်စီ၏ဖမ်းဆီးခြင်းကို ခံရသူ များပြားလာနေပြီး ပြီးခဲ့သည့်လေးလအတွင်း ဖမ်းဆီးခံရသူ ၃၀ ဦးထက်မနည်းရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ကျိုက်ထီးရိုးဆံတော်ရှင်စေတီရင်ပြင်တော်ရှိ ရွှေသင်္ကန်းများ ရောင်းချနေသူခြောက်ဦးကို ရင်ပြင်တော်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်။

ထိုသို့ဖမ်းဆီးခံရသူများအနက် နှစ်ဦးမှာ ကျိုက်ထီးရိုးဆံတော်ရှင်စေတီ၏ ဂေါပကအဖွဲ့ဝင်များဖြစ်ပြီး ကျန်လေးဦးဖြစ်သည့် ဦးသန်းထွန်း၊ ဦးဇော်မင်းလေး၊ ကိုရင်ကောင်းနှင့် ကိုဌေးလွင်တို့မှာ ရွှေဆိုင်းရောင်းချ နေသူများဖြစ်ကြသည်။

၎င်းတို့ကို CRPH နှင့် PDF တို့အား ငွေကြေးထောက်ပံ့ပေးနေသည်ဟုဆိုပြီး ကျိုက်ထိုမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ-၅၀၅(က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ကျိုက်ထီးရိုးစေတီတော်ရင်ပြင်ရှိ ဂေါပကအဖွဲ့ဝင် တစ်ဦးမှ DMG ကိုပြောသည်။

“ဖမ်းဆီးခံရတဲ့သူတွေက အခုကျိုက်ထိုမြို့မရဲစခန်းထဲမှာ ထိန်းသိမ်းထားတယ်လို့ကြားရပါတယ်။ အဓိက NUG ၊ CRPH တို့ PDF တို့ကို ငွေကြေးထောက်ပံ့တယ်ဆိုပြီး လာဖမ်းသွားတာ။ အခုအထိ အခြေအနေတွေကို မသိရသေးပါဘူး။ သူတို့တွေက ကျိုက်ထီးရိုးစေတီတော်ရဲ့ ဂေါပကအကျိုးဆောင်တွေပါ”ဟု ၎င်းကပြောသည်။

ထိုသို့ဖမ်းဆီးခံရသူများနှင့်ဆက်စပ်ပြီး ယခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့တွင် လူ ၂၀ ဦးမှာ ထပ်မံဖမ်းဆီးစစ်ဆေးခံနေရကြောင်း ကျိုက်ထိုမြို့မရဲစခန်းနှင့်နီးစပ်သည့် သတင်းများအရသိရသည်။

ထို့အပြင် မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ၏ဇနီးဖြစ်သူ ဒေါ်ခင်အေးမွန်နှင့် သားဖြစ်သူ နေဖြိုးဇံတို့ကိုလည်း ၎င်းတို့နေထိုင်ရာ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ် ပိုင်သုံးခွကျေးရွာရှိနေအိမ်သို့ စစ်ကောင်စီတပ်အင်အားအများအပြားဖြင့် ယမန်နေ့ ဇန်နဝါရီလ ၃ ရက် ညပိုင်းတွင် ဝင်ရောက်ဖမ်းဆီးခဲ့သည်။

ထိုသို့ဖမ်းဆီးခံရမှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အနီးအနားရှိနေအိမ်များသို့ သေနတ်ပစ်ဖောက်မှုများ ရှိခဲ့ကြောင်း ဒေါက်တာအေးဇံနှင့် နီးစပ်သည့် အိမ်နီးနားချင်းတစ်ဦးမှ ဆိုသည်။

“အန်တီနဲ့သားကို အိမ်ထဲကိုအတင်းဝင်ပြီးဖမ်းသွားတာပါ။ အင်အားကအများကြီးပဲ။ ဖမ်းပြီးသွားတော့ အနားကအိမ်တွေကိုလဲ သေနတ်တွေနဲ့ပစ်ဖောက်သွားပါတယ်။ လူတွေထိခိုက်တာလားဆိုတာတော့ သေချာမသိရသေးပါဘူး”ဟု ၎င်းမှဆိုသည်။

ယင်းသို့ဖမ်းဆီးသွားသည့် ဒေါက်တာအေးဇံ၏ ဇနီးနှင့်သားကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို လက်ရှိအချိန်ထိ မသိရသေးပေ။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း တောင်သူစုကျေးရွာ၊ အောင်သီရိမြိုင်ရပ်ကွက်တွင် နေထိုင်သူ အ.ထ.က(၁)ကျိုက်ထိုကျောင်းစာရေး ကိုမင်းကိုကိုဆိုသူကို စစ်ကောင်စီတပ်ဖွဲ့များမှဖမ်းဆီးခဲ့ပြီး Laptop computer တစ်လုံးနှင့် Desktop computer တစ်လုံးတို့ကို သိမ်းဆည်းသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုဝင်ဘာလအတွင်း၌လည်း ကျိုက်ထိုမြို့နယ် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ အပါအဝင်လူငယ် ၁၀ ဦးထက်မနည်းကို ပုဒ်မ-၅၀၅(က)တပ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးမှုများရှိခဲ့သည်။

စစ်ကောင်စီမှ အာဏာသိမ်းယူသည့် ဖေဖော်ဝါရီလမှစပြီး ကျိုက်ထိုမြို့နယ်၌ ဆန္ဒပြထုတ်ဖော်သူ ၂၀၀ ဦးထက် မနည်းဖမ်းဆီးခံခဲ့ရကာ The Voice Of Thanbuzayat သတင်းဌာနမှ ကျိုက်ထိုမြို့ခံသတင်းထောက်တစ်ဦး ထိန်းသိမ်းခံခဲ့ရပြီး စက်တင်ဘာလတွင် ၅၀ ဦးထက်မနည်းကို ပြန်လည်လွှတ်ပေးခဲ့သည်။

ထိုသို့ဖမ်းဆီးခံရသူများအနက်မှ တချို့မှာ ကျိုက်မရောထောင်မှနေ၍ အမှုဆိုင်ရင်ဆိုင်နေရဆဲဖြစ်ကာ ပြီးခဲ့သည့်လေးလအတွင်းတွင်လည်း ၃၀ ဦးထက်မနည်း ထပ်မံဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဗီဒီယိုများ