ပစ်ခတ်မှုများကြောင့် ကျောက်တော်စိုက်ပျိုးရေးသိပ္ပံကျောင်း ယာယီပိတ်ထားရ

ကျောင်းဝင်းအတွင်း လက်နက်ကြီးကျည် ကျရာက်ပေါက်ကွဲမှုများ ရှိသောကြောင့် အသက်အန္တရာယ် စိုးရိမ်ရသဖြင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းကို ဒီဇင်ဘာလ (၃၀) ရက်နေ့မှ စတင်ကာ ယာယီပိတ်ထားလိုက်ရသည်ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လေးလွင်က DMG ကိုပြောသည်။

By ကျော်သူဋ္ဌေး 01 Jan 2020

စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်) ကျောင်းတွင် ကျောင်းသား/သူ (၄၀၈)ယောက်ရှိသည်။ (ဓာတ်ပုံ - San Lwin / Facebook)

ကျော်သူဌေး | DMG
ဇန်နဝါရီ ၁၊ စစ်တွေ

ကျောင်းဝင်းအတွင်း လက်နက်ကြီးကျည် ကျရာက်ပေါက်ကွဲမှုများ ရှိသောကြောင့် အသက်အန္တရာယ် စိုးရိမ်ရသဖြင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းကို ဒီဇင်ဘာလ (၃၀) ရက်နေ့မှ စတင်ကာ ယာယီပိတ်ထားလိုက်ရသည်ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လေးလွင်က DMG ကိုပြောသည်။

ဒီဇင်ဘာလ (၃၀)ရက်နေ့၊ ညနေပိုင်းက ကျောက်တော်မြို့ထဲတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အဆိုပါကျောင်းကို လက်နက်ကြီးကျည် ကျရောက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းခေါင်မိုးများပေါက်ထွက်သွားကာ ဝန်ထမ်းအဆောင်နှင့် အိမ်သာများလည်း အနည်းငယ်ပျက်စီးသွားသည်။

“လက်ရှိအနေအထားအရ ကျမတို့ကျောင်းဝင်းအတွင်းနဲ့စိုက်ခင်းထဲမှာ ပစ်တာခတ်တာတွေ ဖြစ်တော့ ကျောင်းသား၊ကျောင်းသူတွေအတွက် နည်းနည်းအန္တရာယ်ရှိတာပေါ့နော်။ ကျောင်းသားတွေကတော့ ထိခိုက်မှု မရှိပါဘူး။ အဆောက်အဦးတွေ နည်းနည်းလေး ထိခိုက်သွားပါတယ်။ အဲတော့ ကျောင်းသားမိဘတွေ အနေနဲ့လည်း စိုးရိမ်ကြောင့်ကြမှုရှိတာပေါ့နော်။ ပိတ်မယ်ဆိုတာကတော့ မဟုတ်ပါဘူး။ လောလောဆယ်တော့ ယာယီအနေနဲ့ ခဏလေးစောင့်ကြည့်တဲ့ အနေအထားပါ” ဒေါ်ခင်လေးလွင်က ပြောသည်။

အဆိုပါ ကျောင်းတွင် ကျောင်းသား၊ကျောင်းသူ (၄၀၈)ယောက်ရှိပြီး ကျောင်းသားအများစုမှာ ဒီဇင်ဘာလကျောင်းပိတ်ရက် ဖြစ်သောကြောင့် မိမိနေရပ်သို့ ပြန်သွားခဲ့ကြသည်။ လက်နက်ကြီးကျည်ကျရောက်သည့် နေ့တွင် ကျောင်းသား၊ကျောင်းသူ (၁၀၀)ခန့် ကျောင်းတွင်ရှိနေပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေ။

“လက်နက်ကိုင် အဖွဲ့အစည်းတွေကို ကျမတို့က တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုလို့ရှိရင် ကျောင်းနားမှာ ပညာသင်ကြားရေးဆိုင်ရာ နယ်မြေဒေသတွေမှာ ပစ်တာခတ်တာ မဖြစ်တာက အကောင်းဆုံးပါ။ သက်ဆိုင်ရာအာဏာပိုင်တွေက ဒီအကြောင်းအရာကို ဆောင်ရွက်ပေးမယ်လို့မျှော်လင့်ပါတယ်” ဟု ဒေါ်ခင်လေးလွင်က ပြောသည်။

ဒီဇင်ဘာလ (၃၀)ရက်နေ့က ကျောက်တော်မြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အရပ်သား (၂)ဦး ထိခိုက်မှုရှိခဲ့ကာ အအောက်အဦးတစ်ချို့လည်း ပျက်စီးမှုရှိခဲ့သည်။ ယင်းပစ်ခတ်မှုများမှာ တပ်မတော်ဘက်က ပစ်ခတ်မှုဖြစ်သည်ဟု ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံများက ပြောသည်။

သို့သော် တပ်မတော်ဘက်ကမူ ယင်းပြောကြားချက်များကို ငြင်းဆန်ခဲ့ပြီး ရက္ခိုင့်တပ်တော်(AA)ကသာ မိမိတို့တပ်ဖွဲ့ဝင်များကို ပစ်ခတ်ခြင်းဖြစ်ကြောင်းနှင့် မိမိတို့ဘက်က လုံးဝပစ်ခတ်မှုမရှိခဲ့ကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။ AA ဘက်ကလည်း မိမိတို့နှင့်တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်းနှင့် မိမိတို့ပစ်ခတ်မှုမရှိခဲ့ကြောင်း တုန့်ပြန်ပြောဆိုထားသည်။

Related Post : ကျောက်တော်မြို့ပစ်ခတ်မှု အမျိုးသမီး (၂)ဦးဒဏ်ရာရ

ဗီဒီယိုများ