ကျောက်တော်တွင် လက်နက်ကြီးကျရောက်မှုကြောင့် မြေးအဘိုးနှစ်ဦးဒဏ်ရာရ

ရက္ခိုင့်တပ်တော်(AA)က ယနေ့နံနက်ပိုင်းက ကံစောက်တောင်ရှိ တပ်မတော်တပ်ရင်းဌာနချုပ်က ိုလာရောက် ပစ်ခတ်သောကြောင့် တပ်မတော်က ပြန်လည်ပစ်ခတ်ခဲ့သည်။ ယင်းပစ်ခတ်မှုအတွင်း အရပ်သားနှစ်ဦး ဒဏ်ရာရရှိသွားသည်။

By ဝင်းညွန့် 23 Oct 2019


ဝင်းညွန့် | DMG

အောက်တိုဘာ ၂၃၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ လူငယ်ဖွံဖြိုးရေးပရဟိတကျောင်းအနီးရှိ နေအိမ်ကို ယနေ့ (အောက်တိုဘာလ ၂၃ ရက်နေ့)၊ နံနက် ၅ နာရီကျော်ခန့်က လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှု ကြောင့် မြေးအဘိုးနှစ်ဦးဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။

အသက် (၇၀)နှစ်အရွယ်ဦးကျော်စိန်နှင့်၎င်း၏မြေးဖြစ်သူ အသက် (၁၁)နှစ်အရွယ် မောင်ကျော်နိုင်ချေတို့ မိမိ နေအိမ်တွင် အိပ်နေစဉ် အိမ်ခေါင်းမိုးပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားခြင်းဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“ မနက် ၅ နာရီကျော်လောက်မှာ လက်နက်ငယ်ပစ်သံတွေကြားတယ်။ လက်နက်ငယ်ပစ်သံကြားပြီးတော့ အမြောက်ပစ်သံတွေကြားတယ်။ နောက်ပြီးတော့ ပထမဦးဆုံးရွာနားမှာ နှစ်လုံးကျတယ်။ နောက်ပြီးတော့ မြေးအဘိုး နှစ်ယောက်အိပ်နေတဲ့အိမ်မှာ ကျတာပါ” ဟု ၎င်းဆိုသည်။

လက်နက်ကြီးကျရောက်မှုကြောင့် ဦးကျော်စိန်မှာ ဦးခေါင်းတွင်ဒဏ်ရာရရှိသွားပြီး မောင်ကျော်နိုင်ချေတွင် ဦးခေါင်းနှင့်ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာရရှိသွားသည်။

“အဘိုးမှာတော့ ခေါင်းမှာ တစ်ချက်နဲ့ ပေါင်မှာ တစ်ချက်ဒဏ်ရာရသွားတယ်။ ကလေးမှာတော့ ခေါင်းနဲ့ခန္ဓာမှာ ရသွားတယ်။ အခုလောလောဆယ်တော့ အပေါက်ဝဆေးရုံမှာ ဆေးကုသမူခံယူနေပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဒေသခံများ၏ အဆိုအရ ယင်းရွာအနီးတွင်တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ကန်စောက်တောင်ခြေရင်းရှိ တပ်မတော် အမြောက်တပ်မှ ပစ်လိုက်သော လက်နက်ကြီးကျည်ဆန်ကြောင့် ဒဏ်ရာရရှိသွားခြင်းဟု ဆိုသည်။

ယနေ့နံနက်ပိုင်းက ကံစောက်တောင်ရှိ တပ်မတော်တပ်ရင်းဌာနချုပ်ကိုAA တပ်ဖွဲ့ဝင်များက အပေါက်ဝ ကျေးရွာဘက်က လာရောက်ပစ်ခတ်သောကြောင့် ပြန်လည်ပစ်ခတ်ရခြင်းဟု အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

“ဘာလို့ တပ်ရင်းဌာနချုပ်ကို လာပစ်တာလဲ။ မနက် (၅)နာရီမှာ ဟိုက်ဂျက်(ကား)နဲ့လာရောက်ပြီးတော့ အပေါက်ဝ ဘက်ကနေလာပစ်တာ။ ကံစောက်မှာရှိတဲ့ တပ်ရင်းဌာနချုပ်ကို AA ကလာပစ်တာ။ အဲလိုလာပစ်လို့ကတော့ လက်မခံဘူး။ ပြန်ပစ်မှာပဲ။ ပစ်ရတဲ့အကြောင်းအရင်းက အဲဒါပဲ။ တပ်မတော်ဘက်က ပစ်တာမဟုတ်ဘူး။ AA ကလာပစ်လို့ တပ်မတော်က ပြန်ပစ်တာ” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲများပြင်းထန်နေပြီး နှစ်ဖက်တပ်ဖွဲ့ဝင်များ ကျဆုံး၊ဒဏ်ရာရရှိမှုများလည်းရှိသည်။

ဗီဒီယိုများ