ကျောက်တော်တွင် တပ်မတော်မှပစ်ခတ်၍ ဒေသခံတစ်ဦးသေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကာဒီကျေးရွာတွင် ယနေ့ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၅ နာရီကျော်အချိန်တွင် တပ်မတော်မှ ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

By အောင်ထိန် 02 Oct 2019

အောင်ထိန် | DMG
အောက်တိုဘာ ၂ ၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကာဒီကျေးရွာတွင် ယနေ့ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၅ နာရီကျော်အချိန်တွင် တပ်မတော်မှ ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

ပစ်ခတ်ခံရသူမှာ အပေါက်ဝကျေးရွာမှ လူချေ(ခ) ဦးစောနိုင် ၄၀ နှစ်ဖြစ်ပြီး ကျောက်တော်မြို့သို့ အလုပ်လုပ်ရန် ဆိုင်ကယ်နှင့်သွားစဉ် ကာဒီကျေးရွာတွင် လုံခြုံရေးယူထားသည့်တပ်မှ ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း ကာဒီကျေးရွာမှ အမည်မဖော်ပြလိုသည့် ဒေသခံတစ်ဦးကပြောသည်။

“သေသွားတဲ့သူက ကျောက်တော်ကို အလုပ်သွားတာလို့ သိရတယ်။ ကျနော်တို့ရွာနားက သမဝါယမရုံးနားမှာ အပစ်ခံရတာ။ အဲ့ဒီမှာလုံခြုံရေးချထားတဲ့ စစ်တပ်ရှိတယ်၊ စစ်တပ်ကပစ်တာ” ဟု ကာဒီကျေးရွာသားက ပြောသည်။

ပစ်ခတ်ခံရသူမှာ ကျောက်တော်မြို့ လေးဝတီကားဂိတ်တွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ကာ ၎င်းနေထိုင်သည့် အပေါက်ဝကျေးရွာမှ ကျောက်တော်မြို့သို့ နေ့စဉ် နံနက် ၅ နာရီကျော်တွင် အလုပ်လုပ်ကိုင်ရန် သွားနေသူဖြစ်ကြောင်း သိရသည်။

“သူက ကျောက်တော်ကို အလုပ်လုပ်ဖို့ ၅ နာရီကျော်ရင် ပုံမှန်သွားဖြစ်တယ်။ စစ်တပ်က သံသယနဲ့ ပစ်တာ ထင်တယ်” ဟု အပေါက်ဝကျေးရွာမှ အလယ်တန်းပြကျောင်းဆရာ ဦးအောင်ကျော်ဇောက ဆိုသည်။

ပစ်ခတ်မှုဖြစ်စဉ်အား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို DMG မှ ယနေ့ နံနက်က ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ရခိုင်ပြည်နယ်အတွင်းမှ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့တွင် ည ၉ နာရီမှ နံနက် ၅ နာရီအထိ သွားလာခြင်းမပြုရန် ညမထွက်ရအမိန့် ပုဒ်မ(၁၄၄)ကို ထုတ်ပြန်ထားသည်။

Related Post : တားမြစ်ချိန်အတွင်းသွားလာသည့် ဒေသခံတစ်ဦးကို တပ်မတော်က ပစ်ခတ်ဖမ်းဆီး

ဗီဒီယိုများ