ကော့သောင်းတွင် ဖမ်းမိသည့် မွတ်ဆလင်များကို ပြန်လည်လက်ခံရေးစတင်

ကော့သောင်းပင်လယ်ပြင်တွင် ဖမ်းဆီးပြီး မောင်တောခရိုင်သို့ ပြန်ပို့လိုက်သည့် မွတ်ဆလင် (၁၅၅)ဦးအနက် (၂၉ )ဦးကို  ဒေသတွင်းမှာ နေထိုင်ခဲ့သည်ဟုဆိုကာ UEHRD အစီအစဉ်ဖြင့် လှဖိုးခေါင်ပြန်လည်လက်ခံရေးစခန်းတွင် ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့က လက်ခံခဲ့သည်ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က DMG သို့ ပြောသည်။

By ချလူးအောင် 16 Jan 2020

 

ချလူးအောင် | DMG
ဇန်နဝါရီ ၁၆၊ စစ်တွေ

ကော့သောင်းပင်လယ်ပြင်တွင် ဖမ်းဆီးပြီး မောင်တောခရိုင်သို့ ပြန်ပို့လိုက်သည့် မွတ်ဆလင် (၁၅၅)ဦးအနက် (၂၉ )ဦးကို  ဒေသတွင်းမှာ နေထိုင်ခဲ့သည်ဟုဆိုကာ UEHRD အစီအစဉ်ဖြင့် လှဖိုးခေါင်ပြန်လည်လက်ခံရေးစခန်းတွင် ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့က လက်ခံခဲ့သည်ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က DMG သို့ ပြောသည်။

ယခုလက်ခံသူများမှာ မောင်တောမြို့နယ်မှ (၁၁)ဦးနှင့် ဘူးသီးတောင်မြို့နယ်မှ (၉)ဦးပါဝင်သည်။

“ ဒီနေ့တော စိစစ်ပြီးတဲ့ ၂၉ ဦးကို လှဖိုးခေါင်မှာ UEHRD အစီအစဉ်နဲ့ လက်ခံပြီး သူတို့မူလနေခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီကို လွှဲပေးလိုက်တယ်” ဟု ၎င်းကဆိုသည်။

ကျန်ရှိသည့် မွတ်ဆလင်များကိုလည်း မောင်တောဒေသတွင် နေထိုင်ခဲ့ခြင်း ရှိ၊မရှိကို ငါးခူရပြန်လည်လက်ခံရေးစခန်းတွင် စစ်ဆေးနေပြီး နေထိုင်ခဲ့သည့် အထောက်အထားမှန်ကန်လျှင် UEHRD အစီအစဉ်ဖြင့် လက်ခံသွားမည်ဟု ဦးစိုးအောင်က ပြောသည်။

“ကျန်တဲ့သူတွေကလည်း မောင်တောခရိုင်မှာ နေထိုင်ခဲ့ကြတယ်လို့ပြောတယ်။ ဒါပေမဲ့ သေချာအောင် အသေးစိတ် စစ်ဆေးနေတယ်” ဟု ၎င်းကဆိုသည်။

ကော့သောင်းပင်လယ်ပြင်တွင် ဖမ်းဆီးခဲ့သည့် မွတ်ဆလင် စုစုပေါင်း (၁၇၂)ဦးကို ဇန်နဝါရီလ (၁၃)ရက်နေ့က တပ်မတော်ရေယာဉ်ဖြင့် ရခိုင်ပြည်နယ်သို့ ပို့ဆောင်ခဲ့သည်။ ယင်းအနက် (၁၇)ဦးကို စစ်တွေမြို့နယ်၊ သဲချောင်းကျေးရွာတွင် နေထိုင်ခဲ့သည်ဟုဆိုကာ နိုင်ငံသားစိစစ်ရေး ယာယီသက်သေခံကဒ်ပြား(NVC) ထုတ်ပေးပြီး သဲချောင်းသို့ ပို့ဆောင်ခဲ့ကာ ကျန် (၁၅၅)ဦးကို မောင်တောဒေသသို့ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။

မောင်တောတွင် နေထိုင်ခွင့်ရမည့် မွတ်ဆလင်တစ်ဦးက “ကျနော်တို့က မြန်မာကိုလာဖို့လည်းကြောက်တယ်။ ဘင်္ဂလာမှာနေရတာလည်း အဆင်မပြေဘူး။ ဒါကြောင့် မလေးရှားမှာအလုပ်လုပ်ဖို့သွားရတာပါ။ အခုလိုဖမ်းဆီးမိပြီး မောင်တောရောက်လာတာတော့ ဘယ်လိုပြောရမလဲ ကံမကောင်းလို့ပေါ့” ဟု DMG ကိုပြောသည်။

မောင်တောဒေသတွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ARSA အကြမ်းဖက်အဖွဲ့က ရဲကင်းစခန်းများကို တိုက်ခိုက်မှုပြုလုပ်ပြီးနောက် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ရာတွင် မွတ်ဆလင် (၇)သိန်းကျော်ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားရသည်ဟု ကုလသမဂ္ဂက ပြောဆိုထားသည်။ ၎င်းတို့ကို ပြန်လည်လက်ခံရန်အတွက် နှစ်နိုင်ငံအစိုးရကြား သဘောတူညီမှုများရှိခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ တရားဝင် ဝင်ရောက်လာခြင်းမရှိပေ။

ယခု ပြန်ပို့ခံလိုက်ရသည့် မွတ်ဆလင်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ စိန့်မာတင်ကျွန်း (ခေါ်) အုန်းကျွန်း နိုရာပါရာဒုက္ခသည်စခန်းမှ မလေးရှားနိုင်ငံသို့ ထွက်ခွာလာစဉ် ဒီဇင်ဘာလ (၁၅)ရက်နေ့က ကော့သောင်းမြို့နယ်တွင် တပ်မတော်(ရေ)မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူထဲတွင် အမျိုးသား ၈၂ ဦး၊ အမျိုးသမီး ၆၈ ဦး၊ ကလေးငယ်အမျိုးသား ၁၃ ဦး၊ ကလေးငယ် အမျိုးသမီး ၉ ဦး၊ စုစုပေါင်း (၁၇၂)ဦး ပါဝင်သည်ဟု အစိုးရပိုင် မြန်မာ့အလင်းသတင်းစာက ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း ထားဝယ်ခရိုင်အတွင်းတွင် ဖမ်းဆီးခံရသည့် မွတ်ဆလင် (၉၀) ကျော်မှာ စစ်တွေမြို့သို့ ပြန်ပို့ခံရသည်။ ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်ကျေးရွာများတွင် နေထိုင်ကြသည့် မွတ်ဆလင်များမှာ စားဝတ်နေရေး အဆင်မပြေမှုများကြောင့် နိုင်ငံခြား(သို့မဟုတ်)ပြည်မဘက်သို့ ထွက်ခွာလျှင် ဖမ်းဆီးခံရမှုများရှိပြီး ပြန်ပို့ခံနေရသည်။

ဗီဒီယိုများ