ကျောက်တော်တွင် အမျိုးသမီးနှစ်ဦးနှင့်လူငယ်တစ်ဦးပစ်ခတ်ခံရမှု တပ်မတော်ငြင်းဆို

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့တွင် ပစ်ခတ်ခံရမှုကြောင့် အမျိုးသမီးနှစ်ဦးနှင့်လူငယ်တစ်ဦး ဒဏ်ရာရရှိသွား ခြင်းမှာ မိမိတို့လက်ချက်မဟုတ်ဘဲ AA ပစ်ခတ်မှုကြောင့်သာဖြစ်သည်ဟု တပ်မတော်က ယမန်နေ့က သတင်းထုတ်ပြန်သည်။

24 Feb 2020

ခိုင်ရိုးလ|DMG

ဖေဖော်ဝါရီလ ၂၄၊စစ်တွေ

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့တွင် ပစ်ခတ်ခံရမှုကြောင့် အမျိုးသမီးနှစ်ဦးနှင့်လူငယ်တစ်ဦး ဒဏ်ရာရရှိသွား ခြင်းမှာ မိမိတို့လက်ချက်မဟုတ်ဘဲ AA ပစ်ခတ်မှုကြောင့်သာဖြစ်သည်ဟု တပ်မတော်က ယမန်နေ့က သတင်းထုတ်ပြန်သည်။

ကျောက်တော်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် အုပ်ချုပ်မှု ကိစ္စရပ်များ ဆောင်ရွက်သည့် တပ်မတော်ယာဉ် တန်းသည် ဖေဖော်ဝါရီ ၂၂ ရက် ည ၉ နာရီ ၅ မိနစ်ခန့်တွင် မဟာကံကြီးရှင် ဘုရားအနီးသို့ အရောက်၌ AA က ရီမုမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်စဉ်ဖြစ် ပွားခဲ့သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

AA ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်များသည် ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်သို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် အဆိုပါရပ်ကွက်နေ ဒေါ်နှင်းနုဝေ(ဘ) ဦးမောင်စိန် အပါအဝင် အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦးတို့ လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန် သည်။

ယင်းနေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်၏ ပစ်ခတ်မှုများကြောင့် အရပ်သား သုံးဦးဒဏ်ရာရရှိသွား ခြင်းဖြစ်သည်ဟု ရက္ခိုင့်တပ်တော်(AA)ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက တုန့်ပြန်သည်။တပ်မတော်သည် ထိ ခိုက်ကျဆုံးမှုများသည့်အတွက် အရပ်သားများနေသည့်နေရာများကို ပစ်ခတ်ခြင်းဟုလည်းဆိုသည်။

မဟာကံကြီးရှင် ဘုရားဘက်မှ ကစ္ဆပနဒီတံတားဘက်သို့သွားသည့် တပ်မတော်ယာဉ်တန်းသည် သေနတ် များဖြင့်ပစ်ခတ်၍သွားသည်။ယင်းနောက် လက်နက်ကြီးကျည်တစ်လုံး နေအိမ်သို့ကျရောက်ပေါက် ကွဲ၍ လူသုံးဦးဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ဒဏ်ရာရရှိသူ၏ ဖခင်ဦးရွှေထွန်းအောင်က ပြောသည်။

“ ညနေ ၈ နာရီခွဲလောက်က စစ်ကားသွားပါတယ်။ အဲဒီကနေ ဘယ်ကပစ်လဲတော့မသိဘူး။ စစ်ကားသွား တာနဲ့ပစ်သံကြားတယ်။ အဲဒီမှာ ကျွန်တော့်ဇနီးက ကလေးကို နို့တိုက်မယ်ဆိုပြီး နို့ဘူးဖျော်နေပါတယ်။ အဲဒီမှာ ဂျိန်းကနဲ ကြားပြီးတော့ လဲသွားတယ်။ အဲဒီကျည်ကလည်း ကျွန်တော့်အိမ်မြောက်ဘက်နေ တခြားအိမ်မှာ ကျရောက်ပြီးတော့ အိမ်ကိုလာထိမှန်တာ ” ဟု ၎င်းကဆိုသည်။

ထို့ကြောင့် အသက် (၅၆)နှစ်အရွယ် ဇနီး ဒေါ်နှင်းလှဝေမှာ ဝမ်းဗိုက်တွင် ကျည်ထိမှန်သွားပြီး သားဖြစ်သူ အသက် (၁၇)နှစ်အရွယ် မောင်ကြီးမှာ ညာဘက်ခြေထောက်ကို ကျည်ထိမှန်သွားကြောင့် ခြေကျိုးသွားသည်။ ၎င်းတို့ နှစ် ဦးကို ဒဏ်ရာပြင်းထန်သောကြောင့် စစ်တွေဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ထားသည်။

ယင်းနေအိမ်တွင် နေထိုင်သည့် အသက် (၅၇)နှစ်အရွယ် ဒေါ်သူတူမှာ ခြေထောက်တွင် ဒဏ်ရာရရှိသွား သော်လည်း ဒဏ်ရာမပြင်းထန်သည့်အတွက် ကျောက်တော်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်။

ယင်းနေ့က မြို့ထဲတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဟု ဒဏ်ရာရရှိသူများ၏ အိမ်တွင်ရှိနေသူ ဒေါ်ဝါဝါရွှေက ပြော သည်။

“ ကျမတို့သိရသလောက်ကတော့ အဲဒီအချိန်မှာ ဘယ်သူမှ မသွားရဲဘူးလေ။ ကိုးနာရီနီးပါးမှာ အိမ်ပြင်ကနေ ဘယ်သူမှ မထွက်တော့ဘူး။ စစ်တပ်ကားသွားနေတာပဲ။ စစ်တပ်ကားပစ်တဲ့အသံကိုပဲ ကျမတို့ ကြားရတယ်။ တိုက်ပွဲလည်းမဖြစ်ဘူး ” ဟု ဒေါ်ဝါဝါရွှေက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊နေ့လယ်ပိုင်းက ကျောက်တော်မြို့ ကမ္ဘာ့ရတနာဘဏ်အနီးတွင် ရက္ခိုင့် တပ်တော်(AA)၏ တိုက်ခိုက်မှုကြောင့် တပ်မတော်အရာရှိတစ်ဦးနှင့်စစ်သည်တစ်ဦးသေဆုံးကာ စစ်သည် တစ်ဦးဖမ်းဆီးခံခဲ့ရသည်။

ယင်းဖြစ်စဉ်များ နှင့် ပတ်သက်ပြီး စုံစမ်းမှုပြုလုပ်လျက်ရှိပြီး လုံခြုံမှုကျိုးပေါက်မှုမရှိစေရန် နယ်မြေခံတပ်များကို ညွှန်ကြားထားသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက ပြောထားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ ပြီးခဲ့သည့် ၂၀၁၈ ခု၊ နှစ်ကုန်ပိုင်းက စတင်ကာ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲကြောင့် စစ်ဘေးရှောင် (၁)သိန်းကျော်အထိရှိလာသည်။ ထို့ပြင် အရပ်သားသေဆုံးမှု (၁၃၀)ကျော်ရှိပြီး ဒဏ်ရာရရှိသူ (၃၆၀)ကျော်အထိရှိသည်ဟု ရက္ခိုင်ကျောင်းသား များသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)မှ သိရသည်။

ဗီဒီယိုများ