စစ်ကောင်စီနှင့် နိုင်ငံရေးဆွေးနွေးရန် အဆင်မပြေနိုင်ကြောင်း AA ပြော

လက်ရှိအာဏာသိမ်းစစ်ကောင်စီမှာ ပြည်သူက ရွေးချယ်ထားသည့် အစိုးရမဟုတ်သည့်အတွက် AA အနေဖြင့် စစ်ကောင်စီနှင့် နိုင်ငံရေးအပေးအယူကိစ္စဆွေးနွေရန် အဆင်မပြေကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောသည်။

05 Mar 2022

DNG ၊ မတ် ၅

လက်ရှိအာဏာသိမ်းစစ်ကောင်စီမှာ ပြည်သူက ရွေးချယ်ထားသည့် အစိုးရမဟုတ်သည့်အတွက် AA အနေဖြင့် စစ်ကောင်စီနှင့် နိုင်ငံရေးအပေးအယူကိစ္စဆွေးနွေရန် အဆင်မပြေကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောသည်။

“နိုင်ငံရေးဆွေးနွေးမယ်ဆိုလို့ရှိရင် ကျနော်တို့လိုချင်တဲ့ အခင်းအကျင်းမဟုတ်ရင် ဆွေးနွေးရင်လည်း ကျနော်တို့အဆင်ပြေချင်မှ ပြေမယ်။ ဒါကြောင့် အခြေအနေအပေါ်မှာမူတည်မယ်။ ငြိမ်းချမ်းရေးကိစ္စဆိုတာက အပစ်အခတ်ရပ်စဲရေးဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးတာကတော့ နိုင်ငံရေးအပေးအယူကို ဆွေးနွေးတာဖြစ်တယ်။ ဆိုတော့ နိုင်ငံရေးအပေးအယူကိုဆွေးနွေးမယ်ဆိုရင် တရားဝင်အစိုးရနဲ့ဆွေးနွေးမှ အဆင်ပြေမယ်။ ဆိုတော့တရားဝင်အစိုးရဆိုတာက ပြည်သူကရွေးချယ်ထားတဲ့ အခြေခံဥပဒေနဲ့ အညီအုပ်ချုပ်နေတဲ့ အစိုးရကိုမှ တရားဝင်အစိုးရလို့ ကျနော်တို့ သတ်မှတ်လို့ရမယ်။ ဆိုတော့ လောလောဆယ် အာဏာသိမ်းထားတဲ့အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးဖို့ကတော့ မရနိုင်ပါ”ဟု ဦးခိုင်သုခက ပြောသည်။

အဆိုပါစကားကို ယနေ့ ပထမဆုံးအကြိမ်ပြုလုပ်ခဲ့သည့် ULA/ AA ၏ Onlie သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများကို ဖြေကြားခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိတွင် AA နှင့် စစ်ကောင်စီတို့မှာ ရခိုင်ပြည်နယ်တွင် နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲထားသော်လည်း ငြိမ်းချမ်းရေးကိစ္စတွင် စိတ်ချရသည့်အခြေအနေ စာချုပ်သဘောတူညီချက်တို့ တစ်စုံတစ်ရာမရှိသေးသည့်အတွက် စိတ်ချရသည့်အခြေအနေမဟုတ်သေးကြောင်းလည်း ဦးခိုင်သုခကဆိုသည်။

“ကျနော်တို့က တရားဝင်အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတာမဟုတ်။ ဆိုတော့ အနေအထားတွေက အချိန်မရွေးပြောင်းလာနိုင်တယ်။ ဒါကြောင့် ဘယ်အချိန်မှာ ဘာဖြစ်လာမယ်ဆိုတာကတော့ ခန့်မှန်းရခက်တယ်”ဟု ၎င်းကဆိုသည်။

အခြားတစ်ဘက်တွင်လည်း လက်ရှိစစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးရန် AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တို့ကို NCA လမ်းစဉ်အတိုင်း ဆွေးနွေးရန် ဖိတ်ခေါ်မှုများရှိနေသော်လည်း တိုင်းရင်းသားများဘက်မှ အယုံအကြည်မရှိကြပေ။

AA အနေဖြင့် လက်ရှိရခိုင်ပြည်နယ်အတွင်း နယ်မြေထိန်းချုပ်ထားမှု လွတ်မြောက်နယ်မြေအဖြစ် ၆၀ ရာခိုင်နှုန်းအထိရှိနေပြီဖြစ်ကြောင်းလည်း ဦးခိုင်သုခကဆိုသည်။

ဗီဒီယိုများ