ULA/AA တရားရေးဌာနသို့ တိုင်ကြားသည့်အမှုများစွာရှိပြီး တရားမျှတမှုရှိအောင် ဆောင်ရွက်နေကြောင်း AA့ပြော

ULA/AA တရားရေးဌာနသို့ တိုင်ကြားသည့် အမှုများစွာရှိပြီး တရားမျှတမှုရှိအောင်ဆောင်ရွက်နေကြောင်း ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက DMG သို့ပြောကြားသည်။

26 Aug 2021

DMG ၊ သြဂုတ် ၂၆

ULA/AA တရားရေးဌာနသို့ တိုင်ကြားသည့် အမှုများစွာရှိပြီး တရားမျှတမှုရှိအောင်ဆောင်ရွက်နေကြောင်း ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက DMG သို့ပြောကြားသည်။

ဦးခိုင်သုခက “ကျနော်တို့ ULA/AA ကို တိုင်ကြားလာတဲ့ အမှုတွေအများကြီးရှိတယ်။ တိုင်ကြားထားတာကတော့ အမှုမျိုးစုံ ပေါ့နော်။ ULA တရားရေးဌာနက သေသေချာချာစိစစ်ပြီးတော့ တရားမျှတမှုအရှိဆုံးဖြစ်အောင် ဆောင်ရွက်ပေးနေပါတယ်”ဟု ၎င်းကဆိုသည်။

သို့သော် အမှုအရေအတွက် အတိအကျကို လတ်တလောပြော၍ မရသေးကြောင်းလည်း ၎င်းကဆိုသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA က ရခိုင်ပြည်အတွင်းနေထိုင်ကြသည့် ပြည်သူများအနေဖြင့် ဖြစ်ပွားသည့်အမှုအခင်းများကိုတိုင်ကြားနိုင်ကြောင်းနှင့် တရားစီရင်ရေးကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် သြဂုတ် ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော မတရားခံရမှု၊ အကြမ်းဖက်မှု၊ ခိုးမှု၊ မြေယာပြသာနာစသည့် အမှုအခင်းများအပြင် တရားဥပဒေအဆုံးအဖြတ်ခံရယူမည့် အမှုအခင်းများကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)သို့ တိုင်ကြားနိုင်ကြောင်း ပါရှိသည်။

ထိုတိုင်စာတွင် ကျူးလွန်ခံရသူဖြစ်စေ၊ မိသားစုဝင်တစ်ဦးဦးဖြစ်စေ၊ မျက်မြင်သက်သေတစ်ဦးဦးမှဖြစ်စေ တိုင်ကြားနိုင်ပြီး တိုင်ကြားသူ၏ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာအပြည့်အစုံနှင့် ဖုန်းနံပါတ်များကိုပါဖော်ပြရမည်ဖြစ်ကာ မှုခင်းဖြစ်ပွားသည့် နေရာ၊ အချိန်၊ နေ့ရက်နှင့် မှုခင်းဖြစ်ပွားပုံများကို ပြည့်စုံစွာဖော်ပြရမည်ဟု ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)က ထုတ်ပြန်ထားသည်။

တိုင်ကြားသူများ၏ ကိုယ်ရေးအချက်အလက်များကို တိုင်ကြားမှု၊ စုံစမ်းစစ်ဆေးမှု၊ အရေးယူဆောင်ရွက်မှုပြီးမြောက်သည်အထိ မည်သူတစ်ဦးတစ်ယောက်မျှမသိအောင် ထိန်းသိမ်းကာကွယ်ပေးသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တရားရေးဆိုင်ရာနှင့်ပတ်သက်ပြီး ပြည်သူများမှာ မှန်ကန်သောတရားမျှတမှုရရှိစေရေးအတွက် ငွေကြေး အဂတိလိုက်မှုမရှိစေရန် တရားရေးဌာနတွင် လုပ်ကိုင်ဆောင်ရွက်မည့်သူများကို လစာပေးသွားမည်ဖြစ်ကြောင်း သြဂုတ်လ ၁၅ ရက်နေ့က အာက္ခရမီဒီယာနှင့်အင်တာဗျုးတွင် ရက္ခိုင့်တပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားခဲ့သည်။

ဗီဒီယိုများ