စင်္ကာပူ ရခိုင်အသင်းခေါင်းဆောင်များ လွတ်မြောက်မှု AA ကြိုဆို၊ အပြုသဘောဆောင်သည့်တုန့်ပြန်မှုများ တုန့်ပြန်မည်ဟုဆို

ရခိုင်အသင်း (စင်္ကာပူ)မှ ခေါင်းဆောင်များဖြစ်သည့် AA စစ်ဦးစီးချုပ်၏ညီအပါအဝင် ၁၀ ဦး လွတ်မြောက်လာသည့်အတွက် ကြိုဆိုပြီး AA အနေဖြင့် အပြုသဘောဆောင်သည့်တုံ့ပြန်မှုများကို ပြန်လည်တုံ့ပြန်သွားမည်ဟု ရက္ခိုင့်တပ်တော်၏ပြောခွင့်ရ ဦးခိုင်သုခက DMG သို့ ပြောသည်။

10 Jun 2021

DMG ၊ ဇွန် ၁၀

ရခိုင်အသင်း (စင်္ကာပူ)မှ ခေါင်းဆောင်များဖြစ်သည့် AA စစ်ဦးစီးချုပ်၏ညီအပါအဝင် ၁၀ ဦး လွတ်မြောက်လာသည့်အတွက် ကြိုဆိုပြီး AA အနေဖြင့် အပြုသဘောဆောင်သည့်တုံ့ပြန်မှုများကို ပြန်လည်တုံ့ပြန်သွားမည်ဟု ရက္ခိုင့်တပ်တော်၏ပြောခွင့်ရ ဦးခိုင်သုခက DMG သို့ ပြောသည်။

AA စစ်ဦးစီးချုပ်၏ညီဖြစ်သူ ကိုအောင်မြတ်ကျော်အပါဝင် ၈ ဦးနှင့် AA စစ်ဦးစီးချုပ်၏ ညီမဖြစ်သူ မမိုးနှင်းဖြူနှင့် ခင်ပွန်းဖြစ်သူ ကိုကျော်နိုင်တို့မှာ ဇွန်လ ၉ ရက်နေ့က လွတ်မြောက်လာခဲ့ပြီး စစ်တွေသို့ရောက်ရှိခဲ့သည်။

“ဒီဟာကတော့ အပြုသဘောဆောင်တဲ့ ဆောင်ရွက်ချက်တစ်ခုဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီဖြစ်ပေါ်တိုးတက်မှု အပေါ်မှာ ကျွန်တော်တို့ဖက်ကတော့ကြိုဆိုတယ်။ နောက်ပြီးလို့ရှိရင် ကျွန်တော်တို့ဖက်ကလည်း အပြုသဘော ဆောင်တဲ့ တုန့်ပြန်မှုတွေနဲ့ ပြန်လည်ပြီးတော့ တုန့်ပြန်သွားမှာဖြစ်တယ်” ဟု ဦးခိုင်သုခကပြောသည်။

ယင်းအပြင် မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကိုလည်း ငြိမ်းငြိမ်းချမ်းချမ်းဖြင့် သူတို့၏မိသားစုဝင်များနှင့် ပြန်လည်ဆုံစည်းနိုင်ဖို့ကို မိမိတို့ဖက်မှလိုလားကြောင်း ဦးခိုင်သုခက ပြောသည်။

ရခိုင်အမျိုးသားပါတီ ANP မှ လည်း ယခုကဲ့သို့ ဖမ်းဆီးခံရသူများပြန်လည်လွတ်မြောက်လာခြင်းမှာ ရခိုင်ပြည်နိုင်ငံရေးလောကအတွက် အပြုသဘောဆောင်သည့် လုပ်ရပ်ဖြစ်ပြီး တစ်ဖက်မှာလည်း အကြမ်းဖက်မှု ဥပဒေပုဒ်များဖြင့် တရားစွဲဆိုခံရသူများကို ပြန်လည်လွှတ်ပေးသင့်ပြီး လွှတ်ပေးလိမ့်မည်ဟုမျှော်လင့်ကြောင်း ရခိုင်အမျိုးသားပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဖေသန်းက ပြောသည်။

“ဒီဟာကိုတော့ လှိုက်လှဲစွာကြိုဆိုပါတယ်။ ထို့အတူ တဖက်မှာ ကျန်တဲ့ အကြမ်းဖက်နဲ့ အစွဲခံထားရတာတွေကိုလည်း လွှတ်ပေးဖို့လိုတယ်။ လွှတ်လည်း လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်” ဟု ဦးဖေသန်းကပြောသည်။

အကြမ်းဖက်ပုဒ်မဖြင့်တရားစွဲဆိုခံထားသူတို့၏ အမှုကိုရုပ်သိမ်းလိုက်ခြင်းသည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖက်သို့ ဦးတည်ပြီး လွှတ်ပေးခြင်း၊ အမှုအားရုပ်သိမ်းခြင်းဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ ခေါင်းဆောင် ဒေါက်တာအေးမောင်က သုံးသပ်သည်။

ရခိုင်အသင်း (စင်္ကာပူ) မှ ခေါင်းဆောင်များဖြစ်သည့် ကိုအောင်မြတ်ကျော်၊ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ မောင်ပန် (ခ) ထွန်းအေးနှင့် ရွှေလှိုင်သန်းတို့ကို AA နှင့် ပတ်သက်ဆက်နွယ်မှု၊ ငွေကြေးထောက်ပံ့ပေးမှုပေးမှုများရှိသည်ဆိုသည့် စွပ်စွဲချက်များဖြင့် ၂၀၁၉ ခုနှစ် ဇူလိုင်လ အတွင်းကဖမ်းဆီးခဲ့ပြီး ရန်ကုန်တိုင်းသတင်းတင်ဖွဲ့မှ ရဲမှူးတင်ရွှေက တရားလိုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့ဖြင့် တရားစွဲဆိုခဲ့သည်။

ယင်းအပြင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်းကလည်း AA စစ်ဦးစီးချုပ်၏ ယောက်ဖဖြစ်သူ ကိုကျော်နိုင်မှာ ထိုင်းနိုင်ငံမှ ဆေးကုပြီးပြန်လာစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖမ်းဆီးခံရပြီး ဇနီးဖြစ်သူ မမိုးနှင်းဖြူနှင့် သမီးဖြစ်သူနှင့်အတူ ခင်ပွန်းအား လေဆိပ်၌လာကြိုစဉ် ဖမ်းဆီးခံခဲ့ရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ (ခ)၊ (ဂ) တို့ဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် (၂) နှစ်တာကာလအတွင်း AA နှင့် ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မများနှင့် တရားစွဲဆိုခံရသူ ၂၀၀ ကျော်အထိရှိကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏ စာရင်းအရသိရသည်။

ပြီးခဲ့သည့် မေလအတွင်းက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မနှင့် တရားစွဲဆိုခံထားရေသာ အသက် ၁၈ နှစ်အောက် ကလေးသူငယ်မှု ၁၇ မှုကို စစ်ကောင်စီက ပြန်လည်ရုပ်သိမ်းပေးခဲ့ပြီး ကျန်ရှိသည့် အမှုများရုပ်သိမ်းရန် တရားလိုများဖက်မှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ထံ ရုပ်သိမ်းလွှာတင်ထားကြောင်း သိရသည်။

ဗီဒီယိုများ