မြောက်ပိုင်းလေးဖွဲ့နှင့်ဆွေးနွေးပွဲတွင် တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူများ ပါဝင်မည်

“ဒီဆွေးနွေးပွဲကို ကျနော်တို့ တော်တော်လေး အလေးထားတယ်။ ဒါအရေးကြီးလို့ တကယ်လို့ ဒီဆွေးနွေးပွဲရလဒ်မကောင်းရင် အလားအလာက နည်းနည်းစိုးရိမ်ရတယ်" ဟု နိုင်ငံတော်သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။

By မြတ်ဝင်းကျော် 14 Sep 2019

သြဂုတ်လ ၃၁ ရက်နေ့က ဆွေးနွေးပွဲတွင် တပ်မတော်ဘက်မှ အရာရှိကြီးများ ပါဝင်စေလိုကြောင်း မြောက်ပိုင်းအဖွဲ့က တောင်းဆိုခဲ့သည်။

မြတ်ဝင်းကျော် | DMG
စက်တင်ဘာ ၁၄ ၊ ရန်ကုန်

ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်၌ မြောက်ပိုင်း ၄ ဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ တွေ့ဆုံဆွးနွေးပွဲတွင် တပ်မတော်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိသူများနှင့် NRPC ဒုဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့ ပါဝင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။

နိုင်ငံတော်သမ္မတအိမ်တော်၌ စက်တင်ဘာလ ၁၃ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီဆွေးနွေးပွဲကို ကျနော်တို့ တော်တော်လေး အလေးထားတယ်။ ဒါအရေးကြီးလို့ တကယ်လို့ ဒီဆွေးနွေးပွဲရလဒ်မကောင်းရင် အလားအလာက နည်းနည်းစိုးရိမ်ရတယ်" ဟု ဦးဇော်ဌေးက ပြောသည်။

ယင်းအပြင် တပ်မတော်ဘက်မှ ထပ်မံ၍ တစ်ဖက်သတ်အပစ်ရပ်ကာလ ထပ်တိုးမည်မှာလည်း ယခုဆွေးနွေးပွဲအပေါ် မူတည်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော်(MNDAA)၊ ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင့်တပ်တော် (AA)တို့နှင့်  NRPC ကိုယ်စားလှယ်များအပါအဝင် တပ်မတော်မှ အရာရှိကြီးများပါဝင်မည့် ဆွေးနွေးပွဲကို စက်တင်ဘာ ၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၌ ပြုလုပ်ကြရန် သဘောတူညီထားကြသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)နှင့် မြောက်ပိုင်း ၄ ဖွဲ့တို့ ကျိုင်းတုံမြို့၌ သြဂုတ်လ ၃၁ ရက်က တွေ့ခဲ့ဆုံရာတွင် ယင်း ၄ ဖွဲ့က တပ်မတော်ဖက်မှ အရာရှိကြီများ ပါဝင်စေလိုကြောင်း တောင်းဆိုခဲ့ကြသည်။

အဆိုပါ ၄ ဖွဲ့နှင့် ပထမအဆင့် ပဏာမအပစ်ရပ်လက်မှတ်ရေးထိုးရေးလည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် တစ်ဖွဲ့ချင်းသီးခြားတွေ့ဆုံကာ သဘောတူညီချက်ယူပြီး တတိယအဆင့်တွင် NCA လက်မှတ်ရေးထိုးခြင်း စသည့်တို့ဖြင့် အစိုးရက ဆောင်ရွက်နေကြောင်း ဦးဇော်ဌေး၏ ပြောကြားချက်အရ သိရသည်။

ဗီဒီယိုများ