ကျောက်တော်မြို့သို့ထွက်ခွာလာသည့် စက်လှေတစ်စီး ပစ်ခတ်ခံရမှုကြောင့် ခရီးသည် (၄)ဦးဒဏ်ရာရ

ပလက်ဝမြို့မှ ကျောက်တော်မြို့နယ်သို့ ထွက်ခွာလာသည့် ခရီးသည်တင် စက်လှေတစ်စီး ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်က သေနတ်များဖြင့် ပစ်ခတ်ခံရမှုကြောင့် ခရီးသည် (၄)ဦး ဒဏ်ရာရရှိသွားသည်ဟု ခရီးသည်များထံက သိရသည်။

By အောင်ထိန် 27 Feb 2020

အောင်ထိန် | DMG
ဖေဖော်ဝါရီ ၂၇၊ ကျောက်တော်

ပလက်ဝမြို့မှ ကျောက်တော်မြို့နယ်သို့ ထွက်ခွာလာသည့် ခရီးသည်တင် စက်လှေတစ်စီး ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်က သေနတ်များဖြင့် ပစ်ခတ်ခံရမှုကြောင့် ခရီးသည် (၄)ဦး ဒဏ်ရာရရှိသွားသည်ဟု ခရီးသည်များထံက သိရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့သို့ ခရီးသည်တင်စက်လှေ (၅)စီးထွက်ခွာလာရာ စက်လှေတစ်စီးမှာ လက်နက်ငယ်များဖြင့် အဆက်မပြတ်ပစ်ခတ်ခံရသည်။ ထို့ကြောင့် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦး ကျည်ဆန်များထိမှန်ပြီး ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

“တင်းမကျေးရွာကို ရောက်တာနဲ့ စပစ်တာပဲ။ လက်နက်ငယ်တွေပစ်တာက မိုးရွာနေသလို အဆက်မပြတ်ပစ်တယ်။ မိနစ်သုံးဆယ်ကျော်လောက်ပစ်တယ်။ တင်းမကျေးရွာလွန်တဲ့အထိပစ်တယ်” ဟု ခရီးသည် မနှင်းနှင်း က DMG ကို ပြောသည်။

ဒဏ်ရရှိသူများမှာ စစ်တွေမြို့က ဦးကိုကိုမောင်၊ ပလက်ဝက စက်လှေမောင်းသူ ဦးမင်းအေးသိန်း၊ မခင်မာနှင့် လှေအကူတစ်ဦးတို့တွင် ဒူး၊ခြေ၊ပခုံး စသည့်နေရာများတွင် ဒဏ်ရာအသီးသီးရရှိသွားသည်။

“စက်လှေ ၅ စီးမှာ ဒဏ်ရာရရှိသူလေးယောက်က တစ်စီးတည်းကပဲ။ စက်လှေမောင်းတဲ့သူမှာတော့ ခြေသလုံးကို ကျည်ဖောက်ထွက်သွားတယ်။ သူကဒဏ်ရာအပြင်းဆုံး။ လက်ရှိမှာ တော့ဒဏ်ရာရတဲ့သူတွေကို ပတ်တီးစည်းပေးထားကြတယ်” မနှင်းနှင်းက နေ့လယ် ၂ နာရီခွဲခန့်က ပြောသည်။

စက်လှေ (၅)ဦးစီးတွင် လူပေါင်း (၈၀)ခန့်ပါဝင်ပြီး ယင်းစက်လှေများကို ကျောက်တော်မြို့အနီးတွင် တပ်မတော်က တားဆီးပြီး (၃)နာရီခန့်ကြာ စစ်ဆေးခဲ့သည်။ ယင်းအထဲတွင် ပလက်ဝမြို့နယ်မှ ရခိုင်လူငယ်ညီလာခံ(AYC) ကိုယ်စားလှယ် ကိုကျော်လှနှင့် ဘူးသီးတောင်မြို့နယ်က အမျိုးသားတစ်ဦးကို တပ်မတော်က ဖမ်းဆီးသွားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသူများလည်း စစ်ဆေးခံခဲ့ရပြီး လက်ရှိတွင် ကျောက်တော်ဆေးရုံသို့ပို့ဆောင်ထားသည်ဟု ခရီးသည်များထံက သိရသည်။

ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာ၏ အရှေ့မြောက်ဘက်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေပြီး တပ်မတော်ဘက်က ရဟတ်ယာဉ်နှစ်စီးဖြင့် ပစ်ခတ်နေသည်ဟု AA ပြောခွင့်ရ ခိုင်သုခ နှင့် ဒေသခံများက ညနေ (၂)နာရီခန့်တွင် ပြောဆိုကြသည်။

အဆိုပါ ကိစ္စများနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ရာတွင် ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ဗီဒီယိုများ