ကျောက်တော်တွင် စိုက်ပျိုးရေးလုပ်ကွက်ငယ်များ ဖော်ဆောင်မည်

ကျောက်တော်မြို့နယ်အတွင်းမှ ကျေးရွာများတွင် တောင်သူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးလုပ်ကွက်ငယ်များကို ရခိုင်ပြည်နယ် တောင်သူလယ်သမား ဥပဒေအထောက်အကူပြုကွန်ယက်က ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

By အောင်ထိန် 28 Dec 2019

အောင်ထိန် | DMG
ဒီဇင်ဘာ ၂၄ ၊ ကျောက်တော်

ကျောက်တော်မြို့နယ်အတွင်းမှ ကျေးရွာများတွင် တောင်သူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးလုပ်ကွက်ငယ်များကို ရခိုင်ပြည်နယ် တောင်သူလယ်သမား ဥပဒေအထောက်အကူပြုကွန်ယက်က ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်သူများ စားဝတ်နေရေးအဆင်ပြေစေရန်၊ အသက်မွေးဝမ်းကျောင်းများ ပြေလည်လာစေရန်၊ ဓာတုကင်းလွတ်သည့် နည်းစနစ်များကို အသုံးပြုပြီး သဘာဝနည်းစနစ်များကို ကျင့်သုံးလာစေရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း အဆိုပါ ကွန်ယက်မှ Project Manager ဦးခိုင်မင်းထွန်းက ပြောသည်။

“တောင်သူအများက အကျပ်အတည်းဖြစ်နေကြတယ်။ အဲတော့ သူတို့ရဲ့အသက်မွေးဝမ်းကျောင်းတွေ ပြေလည်လာစေဖို့၊ စားဝတ်နေရေးတွေ အဆင်ပြေချောမွေ့လာစေဖို့၊ သူတို့ရဲ့ဝင်ငွေတွေ ကောင်းလာဖို့။ ဒါတွေကို ကျနော်တို့ရည်ရွယ်ပါတယ်” ဟု ၎င်းကဆိုသည်။

သီးနှံ ၁၀ မျိုးပါဝင်မည်ဖြစ်ကာ ကျေးရွာပေါင်း ၃၀ မှ တောင်သူ ၂၀၀၀ ဦးကို စိုက်ပျိုးရေးလုပ်ကွက်ငယ်များ ဖော်ဆောင်ပေးသွားမည်ဖြစ်သည်။ ထို့ကျေးရွာများထဲမှ ကျေးရွာ ၉ ရွာတွင် မှိုစိုက်ပျိုးရေးကို ဖော်ဆောင်သွားမည်ဖြစ်ကာ စိုက်ပျိုးရေးအတွက် လိုအပ်သည့်ပစ္စည်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

သီးနှံများစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးအချိန်ကို ညှိနှိုင်းကာ တောင်သူများအား စိုက်ပျိုးရေးသင်တန်း ပို့ချသွားရန်ရှိကြောင်း ဦးခိုင်မင်းထွန်းက ပြောသည်။

“ဘယ်လိုစိုက်ရလဲဆိုတဲ့ဟာကို သူတို့နဲ့အတူတူ ကျနော်တို့အစီအစဉ်တွေ ရေးဆွဲကြမယ်။ နောက်ပြီး စိုက်ပျိုးရမယ့်အချိန်တွေကို သတ်မှတ်ကြမယ်။ စိုက်ပျိုးရေးနဲ့ရလာတဲ့သီးနှံတွေကို စားသုံးဖို့နဲ့ ရောင်းဝယ်ဖြန့်ဖြူးဖို့ ကိစ္စတွေကို ဆွေးနွေးကြမယ်။ ဈေးကွက်တွေကိုပေါ့နော်။ အဲလိုလုပ်ပေးသွားမှာပါ” ဟု ၎င်းကဆိုသည်။

တောင်သူများဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းကို ၂၀၁၉ ဒီဇင်ဘာလမှ ၂၀၂၀ ဇွန်လအထိ ဖော်ဆောင်ပေးသွားမည် ဖြစ်ရာ ယခုစီမံကိန်းအား နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် GRET က ထောက်ပံပေးခြင်း ဖြစ်ကြောင်း သိရသည်။

ဗီဒီယိုများ