စစ်တပ်က တရားစွဲဆိုထားသည့် ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်ကို စွဲချက်တင်

မြန်မာစစ်တပ်က ဖမ်းဆီးတရားစွဲဆိုထားသည့် ပလက်ဝမြို့ဒေသခံ ကိုတင်ထွန်းအောင်အမှုကို ယနေ့(မတ်လ ၁၇ ရက်)တွင် ပလက်ဝမြို့နယ်တရားရုံး၌ ရုံးထုတ်ပြီး အမှုကိုစွဲချက်တင်ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

17 Mar 2022

DMG ၊ မတ် ၁၇

မြန်မာစစ်တပ်က ဖမ်းဆီးတရားစွဲဆိုထားသည့် ပလက်ဝမြို့ဒေသခံ ကိုတင်ထွန်းအောင်အမှုကို ယနေ့(မတ်လ ၁၇ ရက်)တွင် ပလက်ဝမြို့နယ်တရားရုံး၌ ရုံးထုတ်ပြီး အမှုကိုစွဲချက်တင်ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ-၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် ကိုတင်ထွန်းအောင်ကို စစ်ဆေးရာတွင် အပြစ်မရှိဟုထွက်ဆိုခဲ့ပြီး လာမည့်(မတ်လ ၂၃ ရက်)တွင် တရားလိုဗိုလ်ကြီး ထွန်းထွန်းနိုင်ကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးမည်ဟု မိသားစုဝင်များထံမှ သိရသည်။

“ဒီနေ့တရားရုံးမှာ တရားသူကြီးက တင်ထွန်းအောင်ကို ပုဒ်မတွေနဲ့စွဲချက်တင်တယ်။ စွဲချက်တင်ပြီး အပြစ်မရှိဘူးလား။ ရှိလားမေးတယ်။ အပြစ်မရှိဘူးလို့ တင်ထွန်းအောင်ကဖြေခဲ့တယ်။ ဘာကြောင့် အပြစ်မရှိဘူးလဲလို့မမေးပါ။ စစ်ပြီးသားလူတွေထဲက တရားလိုဘက်က ပြန်ခေါ်သက်သေအဖြစ် ဗိုလ်ကြီးထွန်းထွန်းနိုင်ကို မတ်လ ၂၃ ရက်နေ့မှာ ပြန်စစ်မယ်လို့  တရားသူကြီးကပြောဆိုခဲ့တယ်”ဟု မိသားစုဝင် တစ်ဦးက DMG ကိုပြောသည်။

ကိုတင်ထွန်းအောင်မှာ ပလက်ဝအခြေစိုက် ခမရ(၂၈၉)တပ်ရင်းတွင် အလံဖြူထောင်သည့်ကိစ္စအား Western News သတင်းဌာနသို့ အင်တာဗျူးဖြေဆိုခဲ့မှုကြောင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့က ဖမ်းဆီးတရားစွဲဆိုခံထားရခြင်းဖြစ်သည်။

“နိုင်ငံတော်ကိုထိခိုက်တဲ့ကိစ္စလည်း မဟုတ်ဘူး။ အလံဖြူထောင်ထားတယ်ဆိုပြီး မြို့သူ၊ မြို့သားတွေ ရုတ်ရုတ်သဲသဲထိတ်လန့်ပြီး ဖရိုဖရဲဖြစ်ခဲ့တာတွေလည်း တစ်ခုမှမရှိပါဘူး။ ဈေးထဲမှာ ဟင်းဝယ်ငါးဝယ်သူလည်း ပုံမှန်၊ ရုံးတက်ရုံးဆင်းကလည်း ပုံမှန်၊ အဲဒီအလံဖြူထောင်ထားတာကို မြို့သူမြို့သားတွေက ဂရုတောင် မစိုက်ပါဘူး။ ကျွန်တော်ကတော့ ကျွန်တော့်ညီကို အပြစ်မရှိဘူးလို့ယုံကြည်ပါတယ်။ အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါပြီ”ဟု မိသားစုဝင်တစ်ဦးက DMG ကိုပြောဆိုသည်။

ကနဦးတွင် စစ်တပ်စခန်း၌ အလံဖြူထောင်ထားသည်ဟု Western News သတင်းဌာနကို ကိုတင်ထွန်းအောင်နှင့် တခြားအမျိုးသားတစ်ဦးတို့က အင်တာဗျူးဖြေဆိုခဲ့သဖြင့် နှစ်ဦးစလုံးကို စစ်တပ်က ဖမ်းဆီးခဲ့သည်။ သို့သော် တခြားအမျိုးသားတစ်ဦးကိုမူ ပလက်ဝမြို့မရဲစခန်းက ပြန်လည်လွှတ်ပေးခဲ့သည်။

ဗီဒီယိုများ