ကျောက်တော်တွင် လူနှစ်ဦးရိုက်နှက်ခံရသောကြောင့် ဆေးကုသမှုခံယူနေရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ စစ်အောင်ကျေးရွာမှ ဒေသခံ (၂ ) ဦးမှာ ဈေးဝယ်ရာမှပြန်လာစဉ် ရိုက်ပုတ်ခံခဲ့ရသဖြင့် တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားသောကြောင့် ကျောက်တော်မြို့ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။

21 Dec 2019

ခိုင်ရိုးလ | DMG

ဒီဇင်ဘာ ၂၁၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ စစ်အောင်ကျေးရွာမှ ဒေသခံ (၂ ) ဦးမှာ ဈေးဝယ်ရာမှပြန်လာစဉ် ရိုက်ပုတ်ခံခဲ့ရသဖြင့် တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားသောကြောင့် ကျောက်တော်မြို့ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။

ရိုက်နှက်ခံရသူများမှာ ကိုသန်းလှိုင် (အသက် ၃၃ နှစ်)နှင့် ကိုမောင်ကျော်လှ (အသက် ၃၆ နှစ်)တို့ ဖြစ်သည်။ ကိုမောင်ကျော်လှမှာ ရင်ဘတ်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသောကြောင့် ဆေးကုသမှု ခံယူနေရသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့၊ နံနက်ပိုင်းက ကျောက်တော်မြို့မှ မိမိကျေးရွာသို့ ဈေးဝယ်ပြီး စက်လှေနှင့်ပြန်လာစဉ်  ကျောက်တော်တောင်တွင် တပ်စွဲနေသော တပ်မတော်သားများက သေနတ်ပစ်ဖောက် ဖမ်းဆီးခဲ့ပြီး သံတုတ်၊  လက်သီးများဖြင့် ရိုက်နှက်သောကြောင့် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ရိုက်နှက်ခံရသူတစ်ဦးဖြစ်သည့် ကိုသန်းလှိုင်က DMG သို့ ပြောသည်။

“ကျွန်တော်တို့ ကျောက်တော်ဘက်ကနေ လှေနဲ့ ဈေးဝယ်ပြီးပြန်လာတော့ သေနတ်ပစ်သံတွေကြားတယ်။ ကျွန်တော်တို့လှေကို ကပ်ခိုင်းထားတယ်။ စစ်သားတွေက ခင်ဗျားတို့ကိုခေါ်တာဆိုပြီးတော့ ပြောတယ်။ ကျွန်တော်တို့သွားလိုက်တော့ ခင်ဗျားတို့ ဘာဖြစ်လို့ပြေးတာလဲလို့ ပြောတယ်။ ကျွန်တော်တို့က ခေါ်တာကို မသိလို့ပါပြောလို့လည်း မရဘူး။ ရိုက်တယ်” ဟု ၎င်းကဆိုသည်။

၎င်းတို့နှစ်ဦးမှာ တံငါသည်များဖြစ်ကြပြီး ကျောက်တော်မြို့မှ ငါးဖမ်းပစ္စည်းများနှင့် တခြားလိုအပ်သည့် ပစ္စည်းများ ဝယ်ယူပြီး အပြန်မှာ တားဆီးစစ်ဆေးခံခဲ့ရခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို DMG က  အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း အဆက်သွယ် မရရှိခဲ့ပေ။

ဗီဒီယိုများ