အစိုးရထောက်ပံ့ဆန်ရိက္ခာသွားယူစဉ် ဖမ်းဆီးခံရသည့် ၁၂ ဦး တရားသေလွတ်မြောက်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းရှိ ဒုက္ခသည်များအတွက် အစိုးရမှ ထောက်ပံ့သည့် ဆန်ရိက္ခာများကို သယ်ဆောင်လာစဉ် ဖမ်းဆီးခံခဲ့ရသည့် ကျေးရွာအုပ်စုစာရေးတစ်ဦး အပါအဝင် ၁၂ ဦးမှာ တရားသေလွတ်မြောက်သွားကြောင်း ရှေ့နေထံမှ သိရသည်။

06 Mar 2021

DMG ၊ မတ် ၆

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းရှိ ဒုက္ခသည်များအတွက် အစိုးရမှ ထောက်ပံ့သည့် ဆန်ရိက္ခာများကို သယ်ဆောင်လာစဉ် ဖမ်းဆီးခံခဲ့ရသည့် ကျေးရွာအုပ်စုစာရေးတစ်ဦး အပါအဝင် ၁၂ ဦးမှာ တရားသေလွတ်မြောက်သွားကြောင်း ရှေ့နေထံမှ သိရသည်။

ထိုသို့ ပြန်လည်လွတ်မြောက်လာသူများမှာ ကျောက်တော်မြို့နယ် ညောင်ချောင်းကျေးရွာအုပ်စုစာရေး ဦးအုန်းနိုင်နှင့် ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များအပါအဝင် ၁၂ ဦးတို့ဖြစ်သည်။

၎င်းတို့မှာ စွဲဆိုထားသည့်အမှုနှင့်ပတ်သက်၍ ငြိစွမ်းမှုမရှိသဖြင့် ယမန်နေ့ (မတ်လ ၅ ရက်နေ့)က မြောက်ဦးခရိုင်တရားရုံးမှ အပြီးလွှတ်ပေးရန် အမိန့်ချမှတ်လိုက်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးအောင်သန်းဝင်းက DMG သို့ ပြောသည်။

“သူတို့ကို အေအေကို ရိက္ခာထောက်ပံ့တယ်ဆိုပြီး အဓိကစွဲတာ။ ဆန်အိတ်နဲ့ပတ်သက်လို့လည်း ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးထောက်ခံချက် ပါတာကြောင့်၊ အဲဒါဟာ အုပ်ချုပ်ရေးမှူးထောက်ခံချက်အရ ပို့ဆောင်တာဖြစ်တဲ့အတွက် အပြစ်မရှိကြောင်း တရားသူကြီးကသုံးသပ်ပြီး တရားသေလွတ်ပေးလိုက်တာဖြစ်တယ်” ဟု ဦးအောင်သန်းဝင်းက ဆိုသည်။

ညောင်ချောင်းကျေးရွာအုပ်စု စာရေးအပါအဝင် စစ်ဘေးရှောင် (၁၅) ဦးမှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ညောင်ချောင်းစစ်ဘေးရှောင်စခန်းအတွက် အစိုးရမှထောက်ပံ့ပေးသည့် ဆန်အိတ် (၁၅၀)ကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ယူပြီးပြန်လာစဉ် ကျောက်တော်မြို့ စခက (၉) ဂိတ်မှာ စစ်ဆေးခံခဲ့ရသည်။

ယင်းနောက် ၎င်းတို့ ၁၅ ဦးမှာ ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဆိုသည့် သံသဖြင့်ဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ဖြင့် ကျောက်တော်မြို့ ခမရ ၃၇၅ တင်းရင်းမှ ဗိုလ်ကြီးဟိန်းထွဋ်ဇော်က တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူ ၁၅ ဦးထဲမှ မောင်မောင်လှဝင်း (၁၇) နှစ် မောင်ဖြူသီး (၁၇) နှစ်နဲ့ လင်းလင်းချေ (၁၆) နှစ်တို့ကို အသက်မပြည့်သေးသဖြင့် အာမခံနှင့်ပြန်လွတ်ပေးလိုက်ပြီး ၎င်းတို့သုံးဦးမှာ ကလေးသူငယ်ဥပဒေဖြင့် ကျောက်တော်မြို့နယ် တရားရုံးမှာ ဆက်လက်တရားရင်ဆိုင်နေဆဲဖြစ်သည်။

လက်ရှိလွတ်မြောက်လာကြသည့် ညောင်ချောင်းကျေးရွာအုပ်စုစာရေး ဦးအုန်းနိုင်အပါအဝင် ၁၂ ဦးမှာ (၁၁ ) လခန့် တရားရင်ဆိုင်ခဲ့ပြီးနောက် ယမန်နေ့က လွတ်မြောက်လာခြင်းဖြစ်သည်။

“ကျွန်မသားလေးတို့ စစ်ကြောရေးကာလမှာ ရိုက်နှက်စစ်ဆေးခံခဲ့ရတယ်။ သူတို့ရိုက်နှက်ခံရတာအခု နားတွေပွန်းနေတုန်း၊ ခြေတွေ၊ ရင်ဘက်၊ ကျောတွေ နာကျင်နေရတုန်းပဲ။ အခုထိ မသက်သာသေးဘူး။ ဘာပဲဖြစ်ဖြစ် အခုလိုလွတ်လာတာတော့ ဝမ်းသာတာပေါ့” ဟု ဖမ်းဆီးခံရသူ ကိုအောင်ဖြိုးသက်၏ မိခင် ဒေါ်အေးအေးစိုးက ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည် (၂)နှစ်တာ ကာလအတွင်း AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများနှင့် တရားစွဲခံရသူ ၃၆၂ ဦးအထိ ရှိခဲ့ကြောင်း သဇင်ဥပဒေအထောက်အကူအပြုအဖွဲ့၏ စာရင်းအရသိရသည်။

ယင်းတို့ထဲမှ တရားရုံးမှ ပြန်လည်လွတ်မြောက်သွားသူများမှာ မြောက်ဦးခရိုင်မှ ၁ ဦး၊ ကျောက်ဖြူခရိုင်မှ ၄ ဦး၊ မောင်တောခရိုင်မှ ၁ ဦး၊ စစ်တွေခရိုင်မှ ၆၇ ဦးနှင့် သံတွဲခရိုင်မှ ၅ ဦး၊ စုစုပေါင်း ၇၈ ဦးရှိခဲ့သည်။

ဗီဒီယိုများ